မော်လမြိုင်ကျွန်း ဇန်နဝါရီ ၅
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဌေးနှင့် ဝန်ထမ်းများသည် ယနေ့နေ့လယ် ၁ နာရီအချိန်က သစ်တိုဆိပ် ကျေးရွာအုပ်စု တောင်သူ ဦးမျိုးမင်းဇင်၏ လယ်မြေ (၁၀) ဧကတွင် နွေစပါးမျိုးစေ့ထုတ်စိုက်ခင်းအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာ စိုက်ခင်းတွင် သီးထပ်ရင် မျိုးစေ့အား အသုံးပြု ၍ စိုက်ခင်းအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခဲ့ပြီး တောင်သူများ၏ မျိုးစေ့လိုအပ်ချက်ကို ဒေသတွင်း စရိတ်နှုန်းထားသက်သာစွာ မျိုးစေ့ထုတ်လုပ်နိုင်ရန်နှင့် အခြား ဒေသများမှ ဝယ်ယူခြင်းအတွက် မျိုးစေ့သယ်ယူစရိတ် သက်သာပါကြောင်း မြို့နယ်ဦးစီးမှူးဦးကျော်ဌေးထံမှ သိရှိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံ ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။
သီတာအောင်(ပြန်ဆက်)