နွားထိုးကြီး၊ ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအားပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်အသက်(၂)လမှ(၁)နှစ်ခွဲအထိကလေးငယ်များအားပုံမှန်ကာကွယ်ဆေးဖြစ်သည့်ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်)၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗွီ)၊ ဝက်သက်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့နှင့်ပိုလီယိုကာကွယ်ဆေး(အိုင်ပီဗွီ) စသည့်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့သည်။
အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့ပေါ် (၈)ရပ်ကွက်အတွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)