ဝိတိုရိယတောင်တက်လမ်း (၁၀)မိုင်လမ်းခွဲ၌ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တိုးချဲ့ထားရှိမည်

ကန်ပက်လက်         ဇန်နဝါရီလ           ၅

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ဝိတိုရိယတောင်တက်လမ်း(၁၀)မိုင်လမ်းခွဲ၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ် တိုးချဲ့ထားရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်အတွက် လိုအပ်သည့်ပြင်ဆင်မှုများကိုဆောင်ရွက်ပြီးနောက် ဇန်နဝါရီလ(၆)ရက်နေ့ ညနေပိုင်းမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ကြ မည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့် စစ်ဆေး ဆောင်ရွက်မှုများ ကိုပြုလုပ်သွားကြမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီ၏အစည်းအဝေးဆုံးဖြတ်ချက်အရသိပါသည်။

ယင်းဂိတ်ထားရှိမည့်နေရာမှာ ကန်ပက်လက်မြို့မှ မင်းတပ်မြို့သို့သွားသည့် မော်တော်ကား လမ်းဖြစ် သည့်အပြင် ဝိတိုရိယတောင်ပေါ်သို့တက်ရောက်လိုသူများနှင့် အနီးအနား ကျေးရွာများမှ ဖြတ်သန်းသွားလာသူများပြားပြီး ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် လိုအပ်လျက်ရှိသဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရပါသည်။

ကိုလိန်း(ပြန်/ဆက်)