ဆီဆိုင် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု၊ ပန်အွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဆောင် သစ် ပန္နက်တင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျောင်းဆောင်သစ်တည်ဆောက်မည့် မြေနေရာ၌ ကျင်းပသည်။
ပန္နက်တင်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် တာဝန်ရှိသူများက ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်(၁၆၈)သန်းဖြင့် သူရိယနဂါးအားမာန်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည့် အလျားပေ ၁၀၀ ၊ အနံ ၃၀ ပေရှိ RCC(၂)ထပ် ကျောင်းဆောင်သစ်ကို ရတနာပန္နက်ရိုက်၍ အမွှေးနံသာရည်များဖြင့် ပက်ဖျန်းပေးကြကြောင်း သိရသည်။
ထို့နောက် အဆိုပါအဖွဲ့သည် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ်(၁၉၁.၆၄၇)သန်း ဖြင့် ကျေးရွာ(၅)ရွာအကျိုးပြုသည့် ကျေးရွာချင်းဆက်လမ်း ဖြစ်သည့် လပ်တိုင်-ပင်အွန်းလမ်း (၇/၀)မိုင်အနက် (၁/၄)မိုင် ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ်(၄၁.၂၂)သန်းဖြင့် ရွှေရတီတောင်တန်းကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဘန်းယဉ်ကျေးရွာ အုပ်စု၊ အမက-သုခလွယ်တီ (၆၀×၃၀)ပေရှိ Steel Structure တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)