မြန်မာနိုင်ငံဒေသအသီးသီးတွင် တောတောင်ရေမြေအလှများ စွာရှိသလို ရာသီအလိုက် သဘာဝကပေးသည့် အလှများလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရှိကြသည်။ အထူးသဖြင့် ယခုလို ချမ်းအေးလှသည့် ဆောင်းရာသီကာလများတွင် ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ရှု့မညီးသည့် သဘာဝအလှအပများကို ကြည့်ရှုခံစားကြရ မည်ဖြစ်ပေသည်။
စာရေးသူနေထိုင်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၄၄၇ ပေ တွင်တည်ရှိသည့် မြို့ တစ်မြို့ဖြစ်သည်။ တောင်ပတ် လည်ဝန်းရံကာဆီးထားပြီး မြို့၏အနောက်ဖက်ရှိ တောင်တန်းကြီးများမှအမြင့်ပေ ၆၂၆၂ ရှိသည့် တောင်ချွန်းကြီးကိုအစွဲပြု၍ လွိုင်လင်မြို့ဟု အမည်နာမခေါ်တွင်စေခဲ့သည်။ တစ်နည်း အားဖြင့် ရှမ်းဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရသော် (လွိုင် = တောင် + လင် = ချွန်း )တောင်ချွန်းမြို့ ဟူ၍လည်းခေါ်ဆိုကြကြောင်း ရှေးလူကြီးသူမများ၏ ပြောကြားချက်များ ၊ ယင်းတောင်ချွန်းကြီးပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း(၆၀)ကျော် က စေတီတော်နှစ်ဆူတည်ထားကိုးကွယ်ခဲ့ကြကြောင်း မှတ်သားလေ့လာခဲ့ရသည်။
လွိုင်လင်မြို့ကိုကာရံထားတဲ့ မြို့ရဲ့အနောက်ဖက်တောင်တန်းမှ တောင်ချွန်းတောင်ကို သွားရောက်လည်ပတ်နိုင်ရန် ယခင်ချိန်များက နယ်မြေဒေသအခြေအနေဟာ တည်ငြိမ် အေးချမ်းမှုမရှိခြင်းကြောင့် တောင်တက်ခရီးကို မည်သူမျှသွားရောက်နိုင်ခြင်းမရှိသော်လည်း ယနေ့ခေတ်အချိန်အခါများတွင် နယ်မြေအခြေအနေ တည်ငြိမ်အေးချမ်း လာခြင်း ကြောင့် တောင်တက်ခရီး အပမ်းဖြေခရီးကို သွားရောက်လေ့လာနိုင်ကြပြီဖြစ်သည်။
လွိုင်လင်တောင်ချွန်းတောင်သည် မြို့နှင့် (၇)မိုင်ခန့်ကွာဝေးပြီး တောင်ခြေအရောက် မော်တော်ကားဖြင့် သွားရောက်နိုင်ပြီး တောင်ခြေမှ မြေလမ်းအတိုင်း တောင်ထိပ်သို့ ရောက်ရန် ခြေလျင်ခရီးဖြင့် (၃၀)မိနစ်ခန့် တက်ရပါသည်။ တောင်ချွန်းတောင်သည် အမြင့်ပေ ၆၂၆၂ ရှိကာ ဒေသတွင်း၌ အမြင့်ဆုံးတောင်ဖြစ်သည်။ တောင်ထိပ်တွင် တည်ထားကိုးကွယ်သည့် စေတီတော်သို့ရောက်ရှိပါကယခုလို ဆောင်းတွင်းအချိန်ကာလများတွင် သင်းပျံ့မွှေးရနံ့များသယ်ဆောင်လာသည့် သန့်ရှင်းလတ်ဆပ်သော လေနုအေးနှင့်အတူ ရှု့မဆုံးသည့် တောတောင်ရေမြေသဘာဝအလှများ ၊ ဆောင်းအလှပန်းချီကားတစ်ချပ်ပမာ အလွမ်းကဗျာတစ်ပုဒ်ကို စာထုတ်လို့မပီးနိုင်အောင်ပင် ဖြစ်ရမည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်သို့ နှစ်သစ်ကူးသည့် အခါသမတွင် စာရေးသူသည် လူသစ် ၊ စိတ်သစ် ၊ အားမာန်သစ်ဖြင့် စိတ်အပမ်းဖြေစရာ လွိုင်လင်တောင်ချွန်းပေါ်ရှိ စေတီတော်နှစ်ဆူကို ဦးခိုက်ပူဇော် ရန်နှင့် ကျန်းမာရေးအရ တောင်တက်ခရီးကို အစပြုခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ငါးနာရီခွဲတွင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းငါးယောက်နှင့်အတူ မော်တော်ကားဖြင့် တောင်ခြေသို့ခရီးနှင့်ခဲ့ပြီး တောင်ခြေရှိ ကောင်းတန်ကျေးရွာတွင် မော်တော်ကားကိုရပ်နားခဲ့ပြီး ခြေလျင်ခရီးချီတက်ခဲ့ရာ (၃၀)မိနစ်အကြာတွင် တောင်ထိပ်ရှိ တောင်ချွန်းစေတီတော်ကို ဦးခိုက်ပူဇော်ခဲ့ပါသည်။ ယင်းနောက်ဝါဒနာအရ တောတောင်ရေမြေရှု့ခင်းဓာတ်ပုံများ၊ နံနက်နေထွက်ချိန် ၊ တိမ်ပင်လယ် အလှအပများကို မမောမပမ်းရိုက်ကူးခဲ့ပါသည်။ အဲဒီနောက်မှာတော့ ခေတ္တအနားယူကာ သဘာဝကပေးထားသည့် ရေမြေတောတောင်အလှများကို ကြည့်ရှု့ငေးမော တွေးတောရင်း တိမ်ပန်းချီကို စိန်စီကာဖြင့် အလွမ်းကဗျာတစ်ပုဒ်လို စာထုတ်မိပါသည်။
ချယ်ရီ ထင်းရှူး အလှထူး
ဝေဆာပွင့်ဖူး ဝတ်မှုန်ကူး
သယ်ဆောင်လေညင်း သူ့အဆင်း
သံသာတွန်ကြွေး တောငှက်တေး၊
ရင်မှာငြိမ်းချမ်း ပုလဲပန်း၊
နယ်ရှစ်ခွင်တိုင်း မြူနှင်းဆိုင်း ၊
မြင်မြင်သမျှ ဖြူလွှလွှ၊
အလှနတ်သမီးရှု့မငြီး၊
သည်ဆောင်းဟေမာန် လွမ်းအောင်ဖန်၊
တေးပန်းချီ ရေးမမီ၊
တောင်ချွန်း လွိုင်လင် အလှဘုရင် ။ ။
စာရေးသူနေထိုင်ရာဒေသ၏ လွိုင်လင်မြို့နယ်အတွင်းရှိ တောတောင်ရေမြေသဘာဝ အလှအပများ ကိုအထက်ပါအတိုင်း ရေးသားမိပါသည်။ မြန်မာနိုင်ငံအတွင်းရှိ အခြားသောဒေသများတွင် ယခုထက်ပိုမိုသည့် အလှများလည်းရှိနေပါဦးမည်။မည်သို့ပင်ဆိုစေကာမူ ပြည်သူများအနေဖြင့် စိတ်ဖိစီးမှုများပြေပျောက်စေရန် ၊ ဘဝအမေတွေဖြေနိုင်ရန် ကိုယ်လက်လှုပ်ရှားအားကစားများလုပ်ဆောင်ခြင်း ၊ ခြေလျင်တောင်တက်ခရီးများ သွားရောက်ခြင်းတို့ဖြင့် ကိုဗစ်-၁၉ ကာလများကို ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်သည်။
လွိုင်လင်တောင်ချွန်းတောင်ပေါ်တွင်လွန်ခဲ့သော နှစ်ပေါင်း (၆၀)ကျော်က စေတီတော်နှစ်ဆူ တည်ထားခဲ့ရာမှ ၂၀၁၈ ခုနှစ် မေလ တတိယပတ်အတွင်း သာဘာဝဘေးဒဏ်ကြောင့်စေတီတော်တစ်ဆူမှာ ထီးတော် မြေခခဲ့ပြီး ကျန်စေတီတစ်ဆူမှာလည်း ပြိုကျပျက်စီးမည့် အခြေအနေများကြောင့် စေတီတော်နှစ်ဆူစလုံးကို ပြန်လည် တည်ထား ကိုးကွယ်နိုင်ရန် လွိုင်လင်မြို့နယ်ပန်ဝိုးကျေးရွာအုပ်စု ဟွေဟောင်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဉူးသုနန္ဒ ၊ လွိုင်လင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများ ပြည်သူများ စုပေါင်း၍ ၂၀၁၈ ခုနှစ် ဇွန် ၊ ဇူလိုင်လများတွင် ပန္နက်တင်ခြင်း ၊ အုတ်မြစ်ချခြင်း၊ဌာပနာသွင်းလှူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ ရာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထီးတော်တင်ပွဲကို အောင်မြင်စွာကျင်းနိုင်ခဲ့ကြောင်းသိရပါသည်။
ယခုအခါတွင် လွိုင်လင်တောင်ချွန်းပေါ်သို့ တောင်တက်ခရီးစဉ်တစ်ခု အဖြစ်ဖော်ဆောင်ကာ လွိုင်လင်၊ ပင်လုံ ၊ မိုင်းပွန် ၊ နမ့်စန်မြို့များမှ ပြည်သူများက ပွင့်လင်းရာသီကာလများတွင် အစုအဖွဲ့လိုက် နေ့စဉ် နှင့်အမျှတောင်ပေါ်သို့ တက်ရောက်သူများပြားလျက်ရှိပြီး တောတောင်ရေမြေသဘာဝအလှများကို ကြည့်ရှု့ခံစားရင်း အပမ်းဖြေလေ့လာကာ တောင်ချွန်းစေတီတော်နှစ်ဆူအား ဦးခိုက်ဖူးမြော်ကြည်ညို၍ ဘဝအမောများပြေပျောက် ခရီးတစ်ထောက်လျှောက် ခဲ့ကြသည်။ နယ်မြေဒေသ တည်ငြိမ် အေးချမ်း လာသည်နှင့်အမျှ တောင်တက်ခရီး သွားရောက်သူများ ဒီထက်မက ပိုမိုများပြားလာနိုင်မည်ဖြစ်သည်။
ကိုဗစ်-၁၉ အလွန်ကာလများတွင် မြန်ပြည်တစ်လွှားချစ်မိတ်ဆွေများမှ လွိုင်လင်တောင်ချွန်းပေါ်သို့ တောင်တက်ခရီးစဉ်တစ်ခုစီစဉ်ဆောင်ရွက်ပြီး ဒေသန္တသရ ဗဟုသုတများရရှိစေရန်နှင့် တောတောင် ရေမြေ သဘာဝ အလှများ ကြည့်ရှု့ခံစားကာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် လူ့ဘောင်ကောင်းကျိုး သယ်ပိုးနိုင်ကြပါစေကြောင်း တောင်ချွန်းတောင်ပေါ် စေတီတော်နှစ်ဆူထံပါး ပြည်သူအများ ကျန်းမာချမ်းသာပြီး ကပ်ရောဂါဘေးအန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဦးခိုက်ပူဇော် ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။ ။
လွိုင်လင်မိုး