နမ့်ဆန် ဇန်နဝါရီ ၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မိုးဂဲလ်ရပ်ကွက် တာပလိန်းကုန်းတော်ပေါ်ရှိ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်စေတီတော် ရွှေစတီးလ် ထီးတော်တင်လှူပွဲကို ယနေ့နံနက် (၈)နာရီက ကျင်းပခဲ့သည်။
ပြည်လုံးချမ်းသာ စေတီတော်ထီးတော်တင်လှူပွဲအခမ်းအနားတွင် မြို့မဂိုဏ်းချုပ်ကျောင်းတိုက် မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဂိုဏ်းချုပ်ဆရာတော်နှင့် ဆရာတော် အရှင်သူမြတ်များ၊ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်၊ ဒေသဦးစီးအဖွဲ့အလုပ်အမှုဆောင် ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပဂအဖွဲ့များ၊ မိဘပြည်သူများတို့က လာရောက် ဖူးမျှော်ခဲ့ကြသည်။
ပြည်လုံးချမ်းသာ ဆုတောင်းပြည့်စေတီတော် ရွှေထီးတော်များ၏ ဘုံ(၆)ဆင့်နှင့် ငှက်မြတ်နားပန်းခိုင်ဆပ်သွားဖူး၊ စိတ်ဖူးတော်တို့ကို ဆရာတော်အရှင်သူမြတ်များနှင့် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်နှင့်တာဝန်ရှိသူတို့က ဇယန္တော ဗောဓိယာမူလေ အစချီ အောင်ဂါထာရွတ်ဆိုပူဇော်ပြီး အဆင့်ဆင့် တင်မြှောက်ပူဇော်ခဲ့ကြသည်။
စေတီတော်၏ ရွှေထီးတော်တင်လှူပူဇော်အပြီးတွင် ဆရာတော်အရှင်သူမြတ်များတို့က ဦးဆောင်၍ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပဂအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ပရိသတ်အပေါင်း သူတော်ကောင်းတို့က ပြည်လုံးချမ်းသာ ဆုတောင်းပြည့် စေတီတော်အား ဗုဒ္ဓါဘိသေကဘုရား အနေကဇာတင်လှူခြင်း၊ ဆွမ်းတော်၊ ပန်းတော်၊ ရေချမ်းဆီမီးတော်တို့ကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်အရှင်သူမြတ်များတို့က မေတ္တာသုတ်ပရိတ်တရားတော် ချီးမြှင့်ပေးသည်။
ယင်းနောက် ဆရာတော်အရှင်သူမြတ်များတို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် အကျိုးတော်ဆောင် ဆရာတော်မှ ရေစက်ချဒေသနာတော် ချီးမြှင့်တော်မူ၍ အလှူရှင်များတို့က ရေစက်သွန်ချ အမျှပေးဝေတော်မူခဲ့ကြသည်။
အဆိုပါ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်စေတီတော် ထီးတော်တင်ပွဲကို ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်က ကမ္မကထပြုမတည်လှူဒါန်း၍ အများပြည်သူတို့က စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)