ပုံပါကျင် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ပုံပါကျင်ကျေးလက်ကျန်းမာရေးဌာန၌ ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို လစဉ်လဆန်းပိုင်းမှာ ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ အခုတော့ ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေးမဖြစ်အောင် ရပ်ကွက်အလိုက် အပိုင်းလိုက်ခွဲပြီး လာခိုင်းရပါတယ်၊ ရောက်ရင်လည်း Mask တပ်ဖို့နှိုးဆော်ပါတယ် ၊မပါရင်လည်း ဆေးခန်းကနေ အခမဲ့ဝေပေးပါတယ်၊ပြီးရင် မဖြစ်မနေ လက်ဆေးခိုင်းပါတယ်”ဟု ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူက ပြောသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီ ကိုယ်ဝန်ဆောင်မိခင်(၅၀)ကျော်အား ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု လုပ်ငန်းများဖြစ်သည့် ကိုယ်အလေးချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ကလေးအနေ အထားမှန်မမှန် စမ်းသပ်ပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များလိုအပ်သည့်ဆေးများပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စန္ဒီ(ပြန်/ဆက်)