မိုင်းဆတ် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ဥပဒေရုံးဆောက်လုပ်မည့် မြေနေရာအား မြေသန့်ခြင်းနှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲက ဝိန်းနေရပ်ကွက်ရှိ ခရိုင်ဥပဒေရုံး ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အဆောက်အအုံဆောက်လုပ်မည့် မြေနေရာအား သံဃာတော်အရှင်သူမြတ်များက မြေနုတ်ကမ္မဝါစာများ ရွတ်ဖတ်ပူဇော်ပြီး ဧည့်ပရိတ်သတ်အပေါင်းက ဩကာသကန်တော့ချိုးဖြင့် ရှိခိုး ကန်တော့၍ သဗ္ဗညုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္ဒဣန္ဒက ထံမှ ငါးပါးသီလ ခံယူဆောက်တည်သည်။
ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ် ပူဇော်ပြီး ခရိုင်ဥပဒေအရာရှိ ဦးအောင်စိုးဝင်းနှင့် သုံးယိင်းဟွားဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးထွန်းလွင်ဦးတို့က ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ရေစက်ချ တရားနာယူခဲ့ကြသည်။
ထို့နောက် ခရို်ငအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသက်ကျော်၊ ခရိုင်တရားသူကြီး ဦးစံမြင့်၊ ခရိုင်ဥပဒေအရာရှိ ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူတို့က သတ်မှတ်နေရာ များတွင် ပန္နက်ငုတ်များရိုက်ခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။
အဆိုပါ ခရိုင်ဥပဒေရုံးအဆောက်အဦအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၁၂၈.၇)သန်းဖြင့် အလျား(၅၀)ပေ၊ အနံ(၄၀)ပေ၊ အမြင့်(၂၄)ပေ RC နှစ်ထပ် အဆောက်အဦအား တင်ဒါ အောင်မြင်သည့် သုံးယိင်းဟွားဆောက်လုပ်ရေးကုမ္ပဏီမှ ယခုဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)