မြောင်းမြ ဇန်နဝါရီ ၆
ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မြို့နယ်လူငယ်ရေးရာ ကော်မတီမှ စီစဉ်ကျင်းပသော "ကိုဗစ် - ၁၉ ကာလအတွင်း ဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ " ခေါင်းစဉ်ဖြင့် စကားဝိုင်းကို ဇန်နဝါရီလ ၇ ရက်နေ့ ညနေ (၆) နာရီခွဲတွင် Zoom Video Conferencing စနစ်အသုံးပြု၍ Facebook Live ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စကားဝိုင်းတွင် မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ တင့်တင့်ကျော်၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးနော်၊ ကရုဏာရှင် လူငယ်များအသင်းမှ ဦးကျော်စွာထွန်း၊ မြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးစိုးမိုးတို့က ကိုဗစ် - ၁၉ ကာလအတွင်း ဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို Zoom Meeting ပြုလုပ်နေစဉ်အတွင်း Comment၊ Chat box များမှတစ်ဆင့် ပါဝင်မေးမြန်းဆွေးနွေးနိုင်ကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)