ကျောင်းကုန်းမြို့တွင် နှစ်ရက်အတွင်း ကိုဗစ်ပိုး (၆) ဦးတွေ့ရှိပြီး တစ်ဦးသေဆုံး

ကျောင်းကုန်း ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရောင်ပစ်ကွင်းအုပ်စု၊ ရေတွင်းကန့်လန့်ကျေးရွာမှ အမျိုးသမီးတစ်ဦး အနံ့ပျောက်သဖြင့် ကျန်းမာရေးဝန်ထမ်းအား အသိပေးပြောကြားသောကြောင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။

အတူနေ မိသားစု(၅)ဦးအား ဆက်လက်စစ်ဆေးရာ (၃) ဦးတွင် ပိုးထပ်တွေ့ခဲ့သဖြင့် ယာယီဆေးရုံအဖြစ် Plan  C အိုးအိမ် ဝန်ထမ်းအိမ်ယာသို့ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ပို့ဆောင်ထားရှိပြီး၊ ယနေ့အထိ Plan  C ယာယီဆေးရုံ၌ စုစုပေါင်း (၅) ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးထားကြောင်း ကျန်းမာရေးဌာနက သိရသည်။

ကျောင်းကုန်းမြို့နယ်တွင် လှည်းဆိပ်အုပ်စုမှ (၁၉) ဦး၊ အမှတ်(၂) ရပ်ကွက်မှ (၁၈) ဦး၊ အမှတ်(၁) ရပ်ကွက်မှ (၁၁) ဦး၊ အမှတ် (၃) ရပ်ကွက်မှ (၁၀) ဦး၊ ကွမ်းခြံကုန်း အုပ်စုမှ (၆) ဦး၊ အိုးဘိုအုပ်စုမှ (၂) ဦး၊ ရောင်ပစ်ကွင်းအုပ်စုမှ (၄) ဦး၊ မိုးမခအုပ်စုမှ (၂) ဦး၊ သစ်ဆိမ့်ကုန်းအုပ်စု၊ ပန်းတောရိုး အုပ်စုနှင့် ဇီးချောင်အုပ်စုတို့မှ (၁) ဦးစီ၊ စုစုပေါင်း (၇၅) ဦး ပိုးတွေ့ရှိခဲ့ပြီး၊ ဆေးရုံတက်ဆဲ လူနာ (၆) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၆၈) ဦးရှိကာ သေဆုံးသူ (၁) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)