မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးနှင့်ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် Mask Campaign ပြုလုပ်

မိုင်းငေါ့ ဇန်နဝါရီ ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် နှာခေါင်းစည်း Mask Campaign အား ယနေ့နံနက် (၁၀)အချိန်ခန့်က မီးသတ် ဦးစီးဌာနရုံး‌ရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် မိုင်းငေါ့မြို့အတွင်းရှိ ပြည်သူများပြင်ပထွက်ခွါတိုင်း နှာခေါင်းစည်း(Mask)များအား စနစ်တကျ တပ်ဆင်၍သွားလာကြရန်၊ လူထူထပ်သည့်နေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်ကြရန်၊ အရာဝတ္တုများနှင့်ထိတွေ့ ကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျ ဆပ်ပြာနှင့် ဆေးကြရန်၊ စသည့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များကို အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပြီး လမ်းသွားလမ်းလာပြည်သူများ၊ ကား၊ ဆိုင်ကယ်စီးနင်း သွားလာသူများအား Mask နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ (Mask) နှာခေါင်းစည်း ဖြန့်ဝေခြင်းကိုကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်မှူးများ ပူးပေါင်း၍ နှာခေါင်းစည်း(Mask) အခု(၃၀၀)ကို ဖြန့်ဝေပေးခဲ့ပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)