ညောင်ဦးမြို့နယ်ထွက် ပဲတီစိမ်းများ တစ်တင်း ၃၉၀၀၀ ကျပ်နှုန်း ရောင်းချနေရ

ညောင်ဦး  ဇန်နဝါရီ  ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းများ စပေါ်ချိန်မှ တုန်းချိန်အထိ တစ်တင်းလျှင် ၃၉၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေရကြောင်း ကုလားတဲကျေးရွာ ပဲတီစိမ်းစိုက်တောင်သူ ဦးသန်းထိုက် ထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးခြင်းအား လျှပ်စစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးကြဲ ပက်ခြင်း၊ မိုးကောင်းသောက်ဖြင့် ကြဲပက်စိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးကြပြီး ပဲတီစိမ်းပေါ်ချိန်တွင် ပခုက္ကူဈေးကွက်သို့ သွားရောက်ရောင်းချကြကြောင်းသိရသည်။ ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးခြင်းများအား တော်သလင်းလ၊ သီတင်းကျွတ်လတို့တွင် ကြဲပက်စိုက်ပျိုးကြပြီး၊ လျှပ်စစ်မြစ်ရေတင်ဖြင့် အခြားသီးနှံအဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။ ပဲတီစိမ်း တစ်တင်းပိသာ ၂၀ ပိဿာရှိကြောင်း၊ တစ်တင်း ၃၉၀၀၀ကျပ်နှင့် အများဆုံးဈေး ၄၁၀၀၀ ကျပ်ထိ ရောင်းချရကြောင်း သိရသည်။

မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် ပဲတီစိမ်းများအထွက်နှုန်း အင်မတန်ကောင်းကာ၊ မိုးရာသီ စိုက်ပျိုးသည့် ပဲတီစိမ်းများ မိုးရွာသွန်းမှုအခြေအနေပေါ်မူတည်ပြီး အထွက်နှုန်း အနည်းအများထွက်ရှိကြောင်း သိရသည်။ ယခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှုနည်းခြင်း ကြောင့် ပဲတီစိမ်းဈေးနှုန်းကောင်းသော်လည်း အထွက်နှုန်းနည်းခြင်းကြောင့် တောင်သူ များ တွက်ချေမကိုက်ဖြစ်ရကြောင်း ညောင်ဦးမြို့နယ် တောင်ဘကျေးရွာ ဦးတင်ဝင်း က ရှင်း ပြသည်။ မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် ပဲတီစိမ်းစိုက်တောင်သူများ စိုက်ပျိုးကြဲပက်ပြီးချိန်မှစကာ စိတ်အေးလက်အေးနေလို့ရပြီး ပဲတီစိမ်း မရမှာမပူရကြောင်း၊ ပဲတီစိမ်းစိုက်ပျိုးတိုင်းမရသည့်နှစ် မရှိကြောင်း လက်ပံခြေပေါ် မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် ဦးမင်းညိုကရှင်းပြသည်။

ယခုနှစ်တွင် ပဲတီစိမ်းစတင်ပေါ်ချိန် တစ်တင်း ၄၁၀၀၀ကျပ်ဈေးမှ ယခုအခါ ၃၉၀၀၀ကျပ်မှ ၃၈၅၀၀ကျပ်ဈေးထိ ဝယ်ယူကြောင်း ပခုက္ကူမြို့ နီလာပွဲရုံပိုင်ရှင် ဗိုလ်ကြီးနိုင်က ရှင်းပြကာ ပခုက္ကူမြို့ ကုန်စည်ဒိုင်ပေါက်ဈေးပေါ် မူတည်ဝယ်ယူရောင်းချကြောင်းလည်း သိရသည်။    

ကိုထိန်၊KPD