ဆီးသီး အသီးသီးနှုန်းကောင်းသော်လည်း အရောင်းအဝယ်အေး

မြင်းခြံ ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွာရှိ ဆီးခြံစိုက်ပျိုးသူများ ဆီးသီး(ဆီးပန်းသီး) အသီးသီးနှုန်းကောင်းသော်လည်း ဆီးသီးရောင်းချချိန် ဝယ်မည့်သူမျှော်နေရ ကြောင်း တူရွင်းဘို့ကျေးရွာ ဆီးခြံစိုက်ပျိုးရောင်းချသူ ဦးပြုံးချိုထံက သိရသည်။

မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွာတွင် ဆီးသီး(ဆီးပန်းသီး)ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ နှစ်စဉ် နိုဝင်ဘာလတွင် ဆီးပင်များ အပွင့်ပွင့် အသီးတင်ပြီး ဒီဇင်ဘာလဝက်မှ စတင်ကာ တူရွင်းဘို့ကျေးရွာ အရှေ့ဘက် မြင်းခြံ-မြို့သာ-မန္တလေး ကားလမ်းတစ်လျောက်တွင် ရောင်းချလေ့ရှိသည်။ ယခင်နှစ်များတွင် နိုင်ငံခြားသားများ၊ ပြည်တွင်းခရီးသွားများ ဖြတ်သန်းသွားလာသည့်အတွက် အရောင်းအဝယ်ဖြစ်ကာ ဆီးသီး (ဆီးပန်းသီး)ရောင်းချသူများ အဆင်ပြေခဲ့ပြီး ယခုနှစ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားကာ ခရီးသွား ပြည်သူများမရှိသောကြောင့် ဝယ်မည့်သူကို မျှော်နေရကြောင်း ဆီးသီးရောင်းချသူတစ်ဦးဖြစ်သူ ဒေါ်စိန်က ပြောသည်။

ယခင်နှစ်များတွင် ဆီးသီးရောင်းချသူများအနေဖြင့် တစ်ရက်လျှင် ကျပ် သုံးသောင်းမှ ကျပ် လေးသောင်းငါးထောင် အထိ ရောင်းရကာ မိသားစု စီးပွားရေး အဆင်ပြေကြောင်း၊  ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်လျှင် ကျပ်တစ်သောင်းခန့်သာ ရောင်းချရကြောင်း သိရသည်။                                                      

ကျော်စွာ(မြင်းခြံ)