ဟားခါးမြို့နယ်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို(၂၅၄)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ရပ်ကွက်၊ကျေးရွာများသို့ သွားရောက်ပေးအပ်

ဟားခါး  ဇန်နဝါရီ 

လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အရ ဟားခါးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ အတွက် အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေကို ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများရှိ အိမ်တိုင်ရာရောက် ပေးအပ်ခဲ့သည်။

ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးဝန်ထမ်းတစ်ဦးကဟားခါးမြို့နယ် အတွင်းရှိ အသက်(၈၅)နှစ် ပြည့်ပြီးသူ သက်ကြီးရွယ်အိုတိုင်း လူမှုရေးပင်စင် ထောက်ပံ့ကြေး များကို ရရှိနိုင်စေရန် ဆောင်ရွက် လျက်ရှိပါတယ်။ ၎င်းတို့၏ ဆွေမျိုးသားချင်းများ၊ မိသားစုဝင်များက မိမိတို့နေထိုင်သည့် ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အသက်(၈၅)နှစ် ပြည့်ပြီးသူ သက်ကြီးရွယ်အို ရှိခဲ့လျှင် အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများထံကို အထောက်အထားများနှင့်တကွ တင်ပြလျှောက်ထားနိုင်ရန် ပြောပြထားပါတယ်။ သက်ကြီး ရွယ်အို တွေဆိုတော့ သူတို့နေတဲ့အိမ်အထိ သွားရောက်ပြီး ထောက်ပံ့ငွေတွေပေး ရပါတယ်ဟု ပြောပြခဲ့ပါတယ်။

ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အသက်(၈၅)နှင့်အထက် သက်ကြီးရွယ်အို တစ်ဦးလျှင် ကျပ်(၃၀၀၀၀)နှုန်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏာရေးနှစ် ပထမသုံးလပတ် ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ထောက်ပံ့ပေးအပ်ရာတွင် ဟားခါး မြို့နယ်အတွင်းရှိ ဘိုးဘွား (၂၅၄)ဦးအတွက် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဟားခါးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

အောင်ခွီရှိန်းခရိုင်(ပြန်/ဆက်)