ကလော ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးအတွက် လိုအပ်သောအစီအမံတစ်ခုဖြစ်အောင် ဆောင်ရွက် စီမံရန်လိုအပ်ကြောင်း၊ နန်းပန်တက်ဂိတ် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ခရီးသွားလာမှု၊ ကုန်စည်စီးဆင်းမှုနှင့်ပတ်သက်၍ ကျန်းမာရေးရှု့တောင့်မှနေပြီး ကြိုတင်ပြင်ဆင် ထားရှိနိုင်ရေး နှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ရှမ်းပြည်နယ် ဝင်ပေါက်ဖြစ်သည့် နန်းပန်တက် ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ် ဆောင်ရွက်နေမှု အခြေအနေများ၊ သက်ဆိုင်ရာဌာနများ တာဝန်ချ ထားရှိမှု အခြေအနေနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းချက်များနဲ့ အညီ စားသောက်ဆိုင်များဖွင့်လှစ်ရောင်းချရမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)