ပင်လောင်း ဇန်နဝါရီ ၆
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေး လုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ မင်းလမ်းမပေါ်နှင့် မြို့မဈေးအတွင်း၌ ယနေ့နံနက်ပိုင်းက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၂၁ ဦးရှိပြီဖြစ်သောကြောင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ပြည်သူများနေအိမ်ပြင်ပသို့ သွားရောက်သည့်အခါ နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်စေခြင်း၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာ နေထိုင်လုပ်ကိုင်စေခြင်း၊ လက်ကို လက်သန့်ဆေးရည်/ဆပ်ပြာများဖြင့် မကြာခဏ ဆေးကြောစေခြင်း၊ တစ်ဦးကိုတစ်ဦး နှာခေါင်းစည်းတပ်ဆင်စေရန် အသိပေးခြင်းနှင့်သတိပေးခြင်း၊ မြို့မဈေးအတွင်းသို့ ဈေးရောင်း/ ဝယ်နေသူများအနေဖြင့် နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်၍ ရောင်း/ဝယ်မှုများ ပြုလုပ်စေခြင်း စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခွန်ရဲ(ပင်လောင်း)