တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်တွင် နေအိမ်အသစ်ဆောက်ရန်မြေတူးစဉ် ရှေးဟောင်းစဉ့်အိုးနှင့်ထည့်ထားသောငွေဒင်္ဂါးပြား (၁၇၂)ပြားအား တူးဖေါ်တွေ့ရှိ

တနင်္သာရီ-ဇန်နဝါရီ ၆

    တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက် သုခလမ်း၊ အိမ်အမှတ်(၇)နေ၊ ဦးသီဟအေး၏ နေအိမ်အဟောင်းကိုဖျက်၍ အသစ်ဆောက် လုပ်ရန် ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းမှစ၍ ဖောင်ဒေးရှင်းအတွက် မြေတူးစဉ် အိမ်အဟောင်း၏ အိမ်ဦးတိုင်အရင်းတွင် ရှေးဟောင်းငွေဒင်္ဂါးပြားများအား တူးဖော်တွေ့ရှိကြောင်း သိရှိရသည်။

သတင်းအရ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်ဦး၊ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်စောမြင့်ဦး၊ ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ည်ဖြိုးတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဦးသီဟအေး၏ နေအိမ်အဟောင်းအားဖျက်၍ အသစ်ဆောက်လုပ်ရန် အတွက် တနင်္သာရီမြို့နေထိုင်သူ ကျဘမ်းလက်သမား ကိုထွန်းနိုင်က မြေကွက်ဟောင်းအတွင်း ဖောင်ဒေးရှင်းမြေတူးနေစဉ် အိမ်အဟောင်း၏အိမ်ဦးတိုင် အောက်ခြေ(၃) ပေ အနက်ခန့်အရောက်တွင် အချင်း(၈) လက်မခန့် အဝအကျယ် (၃.၅)လက်မခန့်နှင့် အမြင့်(၈)လက်မခန့်ရှိ စဉ့်အိုးတစ်လုံးကို တွေ့ရှိရပြီး၊ ၎င်းစဉ့်အိုးအတွင်းတွင် အောက်ပါရှေးဟောင်းငွေဒင်္ဂါးပြားများအား တူးဖော်တွေ့ရှိရကြောင်း သိရှိရသည်။

- ခေါင်းဘက်တွင် VICTORIA QUEEN စာတမ်းနှင့် ဘုရင်မဦးခေါင်းပုံနှင့်ပန်းဘက်တွင် EAST INDIA COMPANY ONE RUPEE 1840 စာတမ်းပါ အလေးချိန်(၁၁.၆)ဂရမ်ခန့် (၀.၇၅ ကျပ်သားခန့်)ရှိ ငွေဒင်္ဂါးပြား (၅၀)ပြား၊ စုစုပေါင်းအလေးချိန်(၅၈၀)ဂရမ်၊(၃၇.၅)ကျပ်သားခန့်၊

- ခေါင်းဘက်တွင် VICTORIA QUEEN စာတမ်းနှင့်ဘုရင်မဦးခေါင်းပုံနှင့်ပန်းဘက်တွင် ONE RUPEE 1862 စာတမ်းပါ အလေးချိန် (၁၁.၆) ဂရမ်ခန့် (၀.၇၅ကျပ်သားခန့်)ရှိ ငွေဒင်္ဂါးပြား (၅၀)ပြား စုစုပေါင်းအလေးချိန် (၅၈၀)ဂရမ် (၃၇.၅)ကျပ်သားခန့်၊

- ခေါင်းဘက်တွင် WILLIAN-III, KING စာတမ်းနှင့် ဘုရင်ဦးခေါင်းပုံနှင့် ပန်းဘက်တွင် EAST INDIA COMPANY ONE RUPEE 1835 စာတမ်းပါ အလေးချိန်(၁၁.၆)ဂရမ်ခန့်(၀.၇၅)ကျပ်သားခန့်ရှိ ငွေဒင်္ဂါးပြား(၇)ပြား စုစုပေါင်း အလေးချိန် (၈၁.၂)ဂရမ်  (၅.၂၅)ကျပ်သားခန့်၊

- ခေါင်းဘက်တွင် VICTORIA QUEEN စာတမ်းနှင့်ဘုရင်မဦးခေါင်းပုံနှင့်ပန်းဘက်တွင် TWO ANNAS INDIA1862 စာတမ်းပါအလေးချိန်(၁.၄)ဂရမ်ခန့်၊ (၁)ပဲသားခန့်ရှိငွေဒင်္ဂါးပြား(၄)ပြား စုစုပေါင်း အလေးချိန် (၅.၆)ဂရမ်  (၀.၂၅)ကျပ်သား၊

- ခေါင်းဘက်တွင် VICTORIA QUEEN စာတမ်းနှင့် ဘုရင်မဦးခေါင်းပုံနှင့်ပန်းဘက်တွင် HALF RUPEE 1835 စာတမ်းပါ အလေးချိန်(၅.၈)ဂရမ်ခန့်၊ (၅)ပဲသားခန့်ရှိ ငွေဒင်္ဂါးပြား(၅)ပြား၊ စုစုပေါင်း အလေးချိန် (၂၉)ဂရမ် (၁)ကျပ်(၉)ပဲသားခန့်၊

- ခေါင်းဘက်တွင် VICTORIA QUEEN စာတမ်းနှင့်ဘုရင်မဦးခေါင်းပုံနှင့်ပန်းဘက်တွင် EAST INDIA COMPANY 1/4 RUPEE 1840 စာတမ်းပါ အလေးချိန် (၂.၈)ဂရမ်ခန့်၊ (၃)ပဲသားခန့်ရှိ ငွေဒင်္ဂါးပြား (၂၃)ပြား၊ စုစုပေါင်းအလေးချိန် (၆၄.၄)ဂရမ် (၄)ကျပ်(၅)မူးသားခန့်၊

- ခေါင်းဘက်တွင် WILLIAN-II, KINGစာတမ်းနှင့် ဘုရင်ဦးခေါင်းပုံနှင့် ပန်းဘက်တွင် 1/4 RUPEE INDIA 1862 စာတမ်းပါ အလေးချိန် (၂.၉)ဂရမ်ခန့်၊ (၃)ပဲသားခန့်ရှိ ငွေဒင်္ဂါးပြား(၃၃)ပြား၊ စုစုပေါင်းအလေးချိန် (၉၅.၇)ဂရမ် (၆) ကျပ်(၃)ပဲသားခန့် တို့အား တူးဖေါ်တွေ့ရှိခြင်းဖြစ်ကြောင်း၊

၄င်းရှေးဟောင်းငွေဒင်္ဂါးပြား စုစုပေါင်း(၁၇၂)ပြား၏ အလေးချိန်မှာ (၁၄၃၅.၉)ဂရမ်ခန့်၊ (၉၂.၇၅)ကျပ်သားခန့် ဖြစ်ပြီး  ၄င်းငွေဒင်္ဂါးပြားများအား တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက် သုခလမ်းရှိ ဦးသီဟအေး၏ မိခင်ဖြစ်သူ ဒေါ်သောင်းရီ၏နေအိမ်၌ ထိန်းသိမ်းထားရှိပြီး ရှေးဟောင်း ငွေဒင်္ဂါးပြားများ တွေ့ရှိမှုအား တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးဝင်းနိုင်မှ တိုင်းဒေသကြီး ရှေးဟောင်းသုတေသန ဦးစီးဌာနသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်းသိရှိရသည် ။

          ၄င်းငွေဒင်္ဂါးများတူးဖေါ်တွေ့ရှိသောနေအိမ်သည် ဦးသီဟအေး၏မိခင်ဖြစ်သူ ဒေါ်သောင်းရီ၏ ဖခင် (ဦးဉာဏ်ရွှေ)၊ (မိခင်)ဒေါ်ဉာဏ်ရင် တို့နေထိုင်ခဲ့သောနေအိမ်ဖြစ်ပြီး နေအိမ်သက်တမ်းမှာ နှစ်ပေါင်း(၁၀၀)ခန့်ရှိပြီဖြစ်ကြောင်းနှင့် ယခုအခါမြေးဖြစ်သူ ဦးသီဟအေးနှင့်ဇနီးဖြစ်သူ ဒေါ်ဥမ္မာချိုတို့ နေထိုင်လျှက်ရှိကြောင်းသိရှိရသည် ။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)