နမ့်စန်(တ) ဇန်နဝါရီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် မြို့ရေပေးဝေရေးလုပ်ငန်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေ များကို မြို့နယ်မှတာဝန်ရှိသူများက ယနေ့နံနက် ၁၁နာရီ ခွဲ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးလှထွေးနှင့် တာဝန်ရှိသူများက အမှတ်(၅)ရပ်ကွက် တောင်ပေါ်ရေကန်မှတစ်ဆင့် ရေပေးဝေသည့် ရေစစ်ကန် ပြန်လည် အဆင့်မြှင့်တင်ခြင်း ၊ ရေပိုက်လိုင်းများ ပြုပြင်ခြင်းနှင့်အစားထိုးလဲလှယ် တပ်ဆင်ခြင်းနှင့် Sub Main Box များ ပြုလုပ်ခြင်းလုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအမှုဆောင် အရာရှိ ဦးအောင်နိုင်ဦးနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဝန်းလိုင်း တို့က လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့ပေါ်ရှိ ရပ်ကွက်များအား ရေပေးဝေနေသည့် ရေပေးကန်မှ ပိုက်လိုင်းများမှာ ဆွေးမြေ့နေခြင်း ၊ တိုက်ရိုက်ရေးပေးဝေရာတွင် အနည်အနှစ်များ ပါဝင်ခြင်း ၊ ရေရရှိမှု မညီမျှခြင်း တို့ကြောင့် မြို့နေပြည်သူများ ရေရရှိမှု အဆင်ပြေချောမွေ့ စေရန်အတွက် ဌာနရန်ပုံငွေဖြင့် အထက်ပါ လုပ်ငန်းများအား ပြန်လည်ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းများ ပြင်ဆင်ပြီးစီးပါက ရေမီတာစနစ်ဖြင့် အိမ်သွယ်ရေတိုင် ၆၀၀ ခန့်အား နေ့စဉ်ညီမျှစွာ ရေဖြန့်ဖြူး ပေးနိုင်မည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်နိုင်ဦး ထံမှသိရသည်။
သူရအောင် (ပြန်/ဆက်)