မအူပင်မြို့နယ် အခြေခံပညာဦးစီးဌာန၏ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်သည့် စာသင်ကျောင်းအဆောက်အဦသစ်များ ဆောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

မအူပင်  ဇန်နဝါရီ  ၇

 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အခြေခံပညာဦးစီးဌာန၏ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်သည့် မလက်တိုကျေးရွာအုပ်စုရှိ လှိုင်းတာကျေးရွာနှင့် သရက်ငူကျေးရွာတို့တွင် အခြေခံပညာ မူလတန်းကျောင်းဆောင်သစ် အဆောက်အဦ ရာနှုန်းပြည့်ပြီးစီးမှုနှင့် လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သည်။

အဆိုပါကျောင်းများ ကွင်းဆင်းစစ်ဆေးရာသို့ ခရိုင်ပညာရေးမှုးဦးအောင်ဇေယျ၊ မြို့နယ်ပညာရေးမှုး ဒေါ်စန်းယုမော်နှင့် ကျောင်းဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရာ တင်ဒါအောင်မြင်သည့် Sun Ahlin Thit Co.Ltd တာဝန်ခံ ဦးဉာဏ်ဝင်းက သတ်မှတ်စံနှုန်းနှင့်အညီ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းပြသသည်။

မလက်တိုကျေးရွာအုပ်စု သရက်ငူကျေးရွာ အ.မ.က အဆောက်အဦအမျိုးအစားမှာ (၆၀ပေ၊ ၃၀ ပေ)Steel Structure (၁) ထပ်၊ စုစုပေါင်း ၂ ကျောင်းအား ၁၀၀% ဆောက်လုပ်ပြီးစီးခဲ့သဖြင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်မြင့်မြတ်(မအူပင်)