မိုင်းဖြတ် မတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှုးရုံးမှ ယမန်နေ့နံနက် ၉ နာရီက သောက်သုံးရေအခက်အခဲဖြစ်သည့် ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်းကျေးရွာ နှင့် ညနေ ၅နာရီက နမ့်လန်းကျေးရွာအုပ်စု ပါပူးကျေးရွာများသို့ သောက်သုံးရေများသွားရောက် လှူဒါန်းပေးခဲ့သည်။
သောက်သုံးရေများ သွားရောက်လှူဒါန်းရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တာဝန်ရှိဌာနဆိုင်ရာများက နားမွန်းကျေးရွာတွင် ရေဂါလံ ၁၂၀၀နှင့် ပါပူးကျေးရွာတွင် ရေဂါလံ ၁၂၀၀ စုစုပေါင်း ရေဂါလံ ၂၄၀၀တို့ကို သွားရောက်လှူဒါန်းပေးခဲ့သည်။
မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် “ဝမ်ဟွေရပ်ကွက်၊ နားမွန်း၊ ပါပူးစတဲ့ ကျေးရွာများကို လှူဒါန်းပေးခဲ့ပြီး သောက်သုံးရေ အခက်အခဲဖြစ်တဲ့ ဟိုနား(လားဟူ)၊ ဟိုနား(အာခါ)၊ ဝမ်နောင်၊ ပါဆန်း၊ လကပ်၊ ဟာကြားဟုန် စတဲ့ ကျေးရွာများမှာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းထံမှ” သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)