ချယ်ရီပွင့်ဝေ လွိုင်လင်မြေ

လွိုင်လင် ဇန်နဝါရီ    ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၄၄၇ တွင်တည်ရှိပြီး တောင်ပေါ်မြို့တစ်မြို့ဖြစ်ကာ ဇန်နဝါရီလ ပထမအပတ်တွင် ချယ်ရီပန်းများ အများအပြားဝေဆာပွင့်ဖူးလျက်ရှိကြောင်း သိရသည်။

လွိုင်လင်မြို့ရှိ ချယ်ရီပန်းများသည် ဒီဇင်ဘာလ  ဒုတိယပတ်မှ စတင်၍ နှင်းရည်သောက်သုံးပြီး ဇန်နဝါရီလ ပထမပတ်တွင်လှိုင်လှိုင်ပွင့်ကာ မြို့၏ဂုဏ်ကျက်သရေအလှ ထင်ဟပ်ပေါ်လွင်စေပါသည်။  ရိုးတံကျဲကျဲမှဖူးပွင့်လာပြီး အရွက်ထွက်လေ့ရှိသည့် အပင်အမျိုးအစားဖြစ်သည်။ သင်းပျံ့သည့်မွှေးရနံ့ မရှိသော်လည်း ပင်ယံထက်တွင် သာလှပကာ အပွင့်၏သက်တမ်းသည် တစ်ပတ် ဆယ်ရက်ခန့်သာ ရှိပါသည်။ လွိုင်လင်မြို့တွင်း၌ ချယ်ရီပင်များသည် နေရာအတော် များများတွင် စိုက်ပျိုးထားကြောင်း သိရသည်။ အထူးသဖြင့် မြို့တွင်းလမ်းဖြစ်သည့် တောင်ကြီး - လွိုင်လင်- နမ့်စန် ပြည်ထောင်စုလမ်းမကြီးနံဘေးတွင် အစီအရီစိုက်ပျိုးထားသဖြင့် ခရီးသွားပြည်သူများ မြို့နေ ဒေသခံပြည်သူများမှ အမှတ်တရ ဓာတ်ပုံရိုက်ကူးကြသူများ၊  နံနက်စောစောနေထွက်ချိန် မြူနှင်းကျချိန်များတွင် ကျန်းမာရေးအရ အပမ်းဖြေလမ်းလျှောက်သူ များ ဖြင့် စည်ကား၍နေပါသည်။

“ဒီချယ်ရီပင်တွေမခုတ်ဖို့၊ အခုလို ဖူးပွင့်တဲ့အချိန်တွေမှာ ကိုင်းမချိုးဖို့ကိုလည်း  အများပြည်သူတွေကို မေတ္တာရပ်ခံထားပြီး  ဆက်လက်ထိန်းသိမ်းသွားမယ်၊ နောက်ထပ်လဲ စိုက်ပျိုးသွားမယ်ဆိုရင်  နှစ်စဉ် နှစ်တိုင်း အခုလိုအချိန်တွေမှာ ဒီလိုလှပတဲ့ နေ့ရက်တွေမြင်တွေ့ရမှာဖြစ်ကြောင်း” လွိုင်လင်မြို့ရှိ ချယ်ရီမြတ်နိုးသူ တစ်ဦးက ပြောကြား ခဲ့သည်။

မိုးလွင်ဦး(လွိုင်လင်)