ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျောက်မဲ ဇန်နဝါရီ ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ရှမ်းပြည်နယ်အစိုးရ) ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်နေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ လုံတောင်းကျေးရွာ အုပ်စု၊ ပါကန်း-နမ့်လင်း-ခိုင်မွန်-ပန်လောင်း-ပုံလျန်း ကျေးရွာချင်းဆက် မြေသားလမ်း ၃ မိုင်၏ ပြီးစီးမှု အခြေအနေအား  ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (လားရှိုး)မှ ဒေသကြီးကြပ်ရေးမှူး၊ ဦးကျော်စွာဝင်း၊ ကျောက်မဲ ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးကျော်သက်နှင့် အဖွဲ့တို့သည် ယမန်နေ့က မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့‌ကြောင်း သိရသည်။

အဆိုပါ ပါကန်း-နမ့်လင်း-ခိုင်မွန်-ပန်လောင်း-ပုံလျန်းကျေးရွာချင်းဆက် မြေသားလမ်း ၃ မိုင်ကို ခွင့်ပြုရန်ပုံငွေကျပ် ၁၂၀ ဒဿမ ၄၇၇ သန်းဖြင့်လည်းကောင်း၊  ပန်လောင်းကျေးရွာအနီး အရှည် ၁၈ ပေရှိ  နမ့်ပန်ချောင်းကူး ကွန်ကရစ်တံတား  ၁ စင်း ကို ငွေကျပ် ၄၀ ဒဿမ ၀၇၁ သန်းဖြင့်လည်းကောင်း စိမ်းရွှေဝါကုမ္မဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ ၈၇ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း   ကျောက်မဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

အဆိုပါ မြေသားလမ်း ၃ မိုင်နှင့် ကွန်ကရစ်တံတား တည်ဆောက်ပေးပြီးစီးပါက ကျေးရွာအုပ်စု ချင်းဆက်လမ်းအတွင်းရှိ ကျေးရွာ များ၌ နေထိုင်ကြသည့် ပြည်သူများ၏ သွားလာရေး လွယ်ကူချောမွေ့ လာမည်ဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်‌ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)