ကော့သောင်း၊ ဇန်နဝါရီ ၇
ကော့သောင်းမြို့၏ ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ မြို့သန့်ရှင်းရေး မြို့အနှံ့ အမှိုက်ပုံးများ လှူဒါန်းထား ရှိဆောင်ရွက်ပေးခဲ့ကြကြောင်း ယမန်နေ့ ကသိရသည်။
အဆိုပါပရဟိတအဖွဲ့သည် မြို့သန့်ရှင်းသာယာလှပေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းများကို တစ်ဖက် တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ပေးမှုအဖြစ် ဈေးများ၊ ကျောင်းများနှင့် ရပ်ကွက်များအတွင်း သန့်ရှင်းရေးလုပ်ငန်းများ လိုက်လံဆောင်ရွက်ပေးခြင်း၊ ကိုဗစ်၁၉ထိန်းချုပ်မှုကာလအတွင်း မြို့ပေါ် ရပ်ကွက် များနှင့် ကျေးရွားများရှိ အခြေခံလူတန်းစားများ အား အခြေခံစားသောက်ကုန်များ လိုက်လံ လှူဒါန်းပေးခြင်း စသည့်လုပ်ငန်းများကို ပရဟိတလုပ်ငန်းများအဖြစ် အစဉ် တစ်စိုက် ဆောင်ရွက် ပေးလျက်ရှိပြီး လူနေထူထပ်ရာနှင့် လူသူအသွားအလာများပြားရာ နေရာများတွင် မြို့နေပြည်သူများ စနစ်တကျအမှိုက်စွန့်ပစ်သည့်အလေ့အထားများ ဖြစ်လာစေရေး နှင့် မြို့သန့်ရှင်းသန့်ယတ်ရေး ရည်ရွယ်ကာ အမှိုက်ပုံးကြီးများကို လှူဒါန်းထား ရှိဆောင်ရွက်ပေးခြင်းဖြစ်သည်။
ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ၊ ကျောင်းများ၊ဈေးများ နှင့်အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် အကြောင်းအမျိုးမျိုးကြောင့် အမှိုက်များရှင်းလင်းရန် လိုအပ်လာလျှင် မိမိတို့ အဖွဲ့အားအချိန်မရွေး ဆက်သွယ် အကူအညီတောင်းခံလာပါက စေတနာ့ဝန်ထမ်းလုပ်ငန်းများအဖြစ် လိုက်လံ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း အဖွဲ့ခေါင်းဆောင် ဦးမိုးတိမ် (ခ)ဦးသိန်းနိုင်ဦး၏ ပြောကြားချက် အရသိရသည်။
ကျော်စိုး (ကော့သောင်း)