ပင်းတယ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မြောက်ပိုင်း ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီ များ ကိုဗစ်ကာလအတွင်းဈေးမရ၍ တောင်သူများ အရှုံးပေါ်လျက် ရှိကြောင်းသိရှိရသည်။
အဆိုပါကြက်သွန်စိုက်ခင်းများကို ပင်းတယမြို့နယ် မိုင်းလီ၊ ကံသာ၊ ရှောက်ချို၊ မိုင်းအင်၊ လေထိုးကုန်း၊ လယ်ပြင် အစရှိသောကျေးရွာစိုက်ခင်းများ၌နှစ်စဉ် ဧကအများအပြားစိုက်ပျိုးကြ ပြီး ကျန်ကျေးရွာ အချို့ တို့၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး တစ်ဧကလျှင် ကြက်သွန်နီမျိုးစေ့ သုံးပိဿာခန့် စိုက်ပျိုးရပြီး တစ်ဧကကုန်ကျစရိတ်မှာ ငွေကျပ် (၁၂) သိန်းခန့်ရှိကြောင်းနှင့် ခြံအငှားခတ်၍ စိုက်ပျိုးသူမှာ သိန်း(၂၀) ခန့် မတည်စိုက်ပျိုးရကြောင်း သိရှိရသည်။
ကြက်သွန်နီဉမျိုးပင်များကို နှစ်စဉ်နိုဝင်ဘာလတွင် ထွန်ယက်စိုက်ပျိုးကြပြီး ဇွန်လတွင် တူးဖော်ခူး ဆွတ်ရောင်းချကြကြောင်း ယခုနှစ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၄၀၀ မှ ၈၀၀ ကျပ် အထိ ရရှိခဲ့သော်လည်း ပေါများစွာထွက်ရှိချိန်၌ ကိုဗစ်ကာလကုန်စည်စီးဆင်းမှု နည်းပါးသဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၃၀၀ ခန့်သာရရှိကြောင်း သိရသည်။ ကြက်သွန်နီများ ဈေးမရရှိခြင်း ဝယ်လက်မရှိ၍ ဆုံးရှုံးရခြင်းတို့ကြောင့် တောင်သူများအခက်တွေ့နေပြီး ယခုနှစ်စိုက်ပျိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မဖြစ်မနေ အချိန်မီစိုက်ပျိုး နိုင်ရန် ငွေကြေးများချေးငှား၍ ထပ်မံစိုက်ပျိုးနေရ ကြောင်းလည်း သိရှိရသည်။
အောင်ကိုဦး(ပင်းတယ)