မူဆယ် ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသရှိ နွားကွင်း၌ သောင်းချီသောင်တင် ပိတ်မိနေသည့် ကျွဲ၊ နွားအရှင်တစ်ချို့ကို ကျွဲ၊ နွားတစ်ချို့ကို ပြည်တွင်းဘက်သို့ ပြန်လည် သယ်ဆောင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မူဆယ်မြို့၊ (၁၀၅)မိုင်နယ်စပ်ဒေသ ကုန်သွယ်ရေးဇုန်မှ သိရသည်။
တရုတ်နိုင်ငံဘက်သို့ ကျွဲ၊ နွားနှင့် ဆိတ်အရှင်တို့ကို မြန်မာနိုင်ငံဘက်မှ ကျန်းမာရေး ထောက်ခံချက်နှင့်အညီ တင်ပို့လျက်ရှိရာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားခြင်းကြောင့် တရုတ်နိုင်ငံ ဘက်က ဝယ်ယူမှုရပ်တန့်ခဲ့ပြီး နယ်စပ်ဒေသ၊ နွားကွင်း၌ ရက်ကြာသောင်တင် ပိတ်မိနေစဉ် ကျွေး၊ မွေးစောင့်ရှောက်စရိတ်များအကုန်အကျများပြားသည့်အတွက် ပြည်တွင်းဘက်သို့ ပြန်လည် သယ်ဆောင်နိုင် ရန် အတွက် ကျွဲ၊ နွားကုန်သည်များက တင်ပြတောင်းဆိုထားခြင်း ဖြစ်သည်။
“ကျွဲ၊ နွားတွေ ရက်ကြာသောင်တင်နေတဲ့အခါ တစ်ချို့ကုန်သည်တွေက မူဆယ်ဒေသမှာ ကျွဲ၊ နွားတွေရဲ့ ကျွေးမွေးစရိတ် အကုန်အကျများပြားတဲ့အတွက် ပြည်တွင်းဘက်ကို ပြန်လည် သယ်ဆောင်ချင်ကြောင်း တင်ပြလာတာတွေရှိပါတယ်၊ တင်ပြ လာတာနဲ့ ပတ်သက်ပြီး နေပြည်တော်၊ ရုံးချုပ်အထိ အသီးသီးတင်ပြပြီးနောက် ဝန်ကြီးဌာနအချင်းချင်းညှိနှိုင်းကြပြီး ခွင့်ပြုချက် ရတဲ့အတွက် တင်ပြလာတဲ့ထဲက ကုမ္ပဏီ(၅)ခု၊ ကျွဲ၊ နွားကောင်ရေ (၄၀၀)ခန့်ကို ပြည်တွင်းဘက် ပြန်သယ်ပြီးပါပြီ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရဲ့ စစ်ဆေးချက်အရ အမှန်တင်ပို့ထားတဲ့ အထောက်အထားတွေအရ ကျွန်တော်တို့က ပြန်ပြီးတော့ ပြန်လည် သယ်ဆောင် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်”လို့ မူဆယ်မြို့၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တာဝန်ခံ၊ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေး က ပြောကြားခဲ့သည်။
ပြည်တွင်းဘက်သို့ ပြန်လည်သယ်ခွင့်ရရှိနိုင်ရန်အတွက် ကျွဲ၊ နွားကုမ္ပဏီစုစုပေါင်း(၄၂)ခုက တင်ပြထားသည့်အနက် ကုမ္ပဏီ(၅)ခုမှ ကျွဲ၊ နွားတစ်ချို့ကိုသာ ပြည်လည်သယ်ဆောင် ခွင့်ပြုထားပြီး မူဆယ်မြို့၊ နွားကွင်း၌ ကျွဲ၊ နွားတစ်သောင်းကျော် ဆက်လက် သောင်တင်နေဆဲ ဖြစ်ကြောင်း ကျွဲ၊ နွားကုန်သည်များ၏ ပြောကြားချက်အရ သိရဿည်။
“တရုတ်နိုင်ငံဘက်က အဝယ်ရပ်တန့်နေတဲ့အတွက် မူဆယ်မြို့၊ နယ်စပ်ဒေသမှာ သောင်တင်နေတဲ့ ကျွဲ၊ နွားအရှင်တွေကို ပြည်တွင်းဘက်ကို ပြည်လည်သယ်ဆောင်နိုင်ရန် ကုမ္ပဏီ(၄၂)ခုက သက်ဆိုင်ရာဌာန၊ အသီးသီးကို တင်ပြထားပါတယ်၊ ဒါပေမယ့် တင်ပြထားတဲ့ ကုမ္ပဏီ(၄၂)ခုအနက် ကုမ္ပဏီ(၉)ခုကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက လာရောက်စစ်ပေးပါတယ်၊ လာရောက်စစ်ပေးတဲ့ ကုမ္ပဏီ(၉)ခုထဲက ကုမ္ပဏီ(၅)ခုက အခုပြည်တွင်းဘက်ကို ပြန်သယ်ဆောင်လိုက်ပါပြီ၊ လက်ရှိမှာလည်း ကျန်တဲ့ကုမ္ပဏီတွေ ပြန်သယ်ဆောင်နိုင်ရန် ဆက်လက်ခွင့်ပြုနေတယ်လို့ သိရပါတယ်”လို့ ကျွဲ၊ နွားကုန်သည်ဦးအောင်ကိုလတ်က ပြောကြားသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ၊ ကျွဲ၊ နွားတင်ပို့မှုကို (၂၀၂၁)ဇန်နဝါရီလမှ စတင်၍ နှစ်နိုင်ငံပို့ကုန်/သွင်းကုန်အဖြစ် တရားဝင်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်ထားသော်လည်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခွာနာ၊ လျှာနာကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အတွက် ဇန်နဝါရီလ၊ လကုန်ပိုင်းလောက်မှသာလျှင် တရားဝင် တင်ပို့နိုင်ရန် မျှော်လင့်ကြောင်း (၁၀၅)မိုင်ကုန်သွယ်ရေးဇုန် တာဝန်ခံ၊ ညွှန်ကြားရေးမှူးက သုံးသပ်ပြောကြားခဲ့သည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)