ကျောင်းကုန်း ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်ကြစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန် မြို့မဈေး၌ ဖြန့်ဝေပေးခဲ့သည်။
ကျောင်းကုန်းမြို့ အမှတ်(၂)ရပ်ကွက် ဆေးရုံလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံ၊ မြို့မဈေးအတွင်းတို့တွင် လမ်းသွားလမ်းလာပြည်သူများ၊ ဈေးသည်ဈေးဝယ်တို့အား နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ပြီး၊ မြို့နယ် Physical Fitness Dance အဖွဲ့မှ " လက်ဆေးပါ" သီ ချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည်။
အဆိုပါ နှာခေါင်းစည်းဖြန့်ဝေပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဌ ဒေါ်သဲမာထွေးနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဌ ဒေါ်ခင်ခင်ကျော့နှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ စသည့်ပူးပေါင်းအဖွဲ့မှ ပြည်သူများ အပြင်ထွက်လျှင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြစေရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)