တံတားဦး ဇန်နဝါရီ ၇
ကျောက်ဆည်ခရိုင် တံတားဦးနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာ(၁၈)ရွာ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည် ။
တံတားဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထိ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာ (၅၉) ရွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ၊ ယခု ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်းကျေးရွာ (၁၈)ရွာ ဆောင်ရွက်မည် ဖြစ်ရာ ကျေးရွာများမှပြည်သူများ၏ ဆန္ဒဖြင့် အမှန်တကယ် လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုတွင်ကျေးရွာသူ၊ ကျေးရွာသားများမှ လုပ်အားများ ပါဝင်ခြင်း ၊ ပြည်သူလူထုထည့်ဝင်ငွေ များဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေး၏ ပြောကြားချက် အရသိရသည် ။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်မည့် ကျေးရွာများမှာ ကွမ်းသီးတန်း ၊ ဥမှင် ၊ လဝကဲ ၊ အိမ်ကန် ၊ သမန်းကန် ၊ ဆည်ရွာ ၊ ပုဂံတီး ၊ ဂွေးဆောင် ၊ ချမ်းသာကုန်း ၊ သူငယ်တော် ၊ ဥတည် ၊ အိုးတုတ္တန်း ၊ ဘုရားကြီးကုန်း ၊ ရွှေပေါ်ကျွန်း ၊ ပန်းယျ(မ) ၊ ဆင်ကျုံး ၊ လေသာ နှင့် ကျုံးထိပ် ကျေးရွာတို့တွင် ပြည်သူများထံမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ရေးကို စီမံချက် များရေးဆွဲကာ နိုင်ငံတော် မှကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွား မည်ဖြစ်ကြောင်း သိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)