နမ္မတူ ဇန်နဝါရီ ၇
နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခု လျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့မဈေးအနီးရှိ ဗိုလ်ချုပ်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံတို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံ ပြည်သူများအား နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်စေရေး အသိပညာပေး၍ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်လာသော ဒေသခံပြည်သူ (၉၀) ဦးခန့်အား ရေမလို လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေ၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်းဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ပါသည်။
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ရက်သတ္တတစ်ပတ်လျှင် (၂)ကြိမ်နှုန်း ကြပ်မတ်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလမှ ယနေ့အချိန်အထိ သုံးလကျော်အတွင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်လာသော ဒေသခံပြည်သူ (၁၁၉၆)ဦးခန့်အား ဒဏ်ငွေရိုက် ဆောင်ရွက် နိုင်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
လူမော် (ပြန်/ဆက်)