ကော့သောင်းမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်ပြပွဲနှင့် လက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ကော့သောင်း ဇန်နဝါရီ ၂‌၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စု‌‌နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊‌ အခြေခံပညာအလယ်တန်းကျောင်းခွဲ ရွှေဇင်ယော်(၁)ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေမြတ်တစ်ရက်ဖြစ်သည့် ပြည်‌ထောင်စု‌နေ့ ဖြစ်‌ပေါ်လာပုံ၊ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသူများ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများနှင့် သမိုင်းဝင်နေ့ထူးနေ့မြတ်များအကြောင်းနှင့် ဗဟုသုတဖြစ်ဖွယ်များအား ပြောကြားခဲ့သည်။

ယင်းနောက် ကျောင်းသား၊ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဖြန့်ဝေသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းနှင့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသူများ၊ သိမှတ်ဖွယ်ရာဗဟုသုတများ၊ လွတ်လပ်ရေးကြိုးပမ်းခဲ့သည့် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ ပြသခဲ့သည်။

အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ‌နေ့ထူးနေ့မြတ်များအကြောင်းကိုသိရှိစေရန်၊ လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြှင့်ရေးတို့ကို အစဉ်မျှော်တွေး၍ အဆိုပါ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်၊ ဓာတ်ပုံပြပွဲများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေမှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)