တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မဲရုံများဆောင်ရွက်ထားရှိမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ထားဝယ် ဇန်နဝါရီ ၂၄

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မဲရုံများဆောင်ရွက်ထားရှိမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးလွှတ်တော်ရုံးအဆောက်အဦပုရဝုဏ် အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်၍ကြည့်ရှုအားပေးပြီး မကြာမီကာလအတွင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ကျင်းပမည်ဖြစ်သောကြောင့် လွှတ်တော်ကိုယ်စားလှယ်များ နားနေဆောင် ပြုပြင်မွမ်းမံနေမှုများနှင့် အဆောင်အတွင်း၌ သန့်ရှင်းသပ်ရပ်စွာဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းနှင့် ထားဝယ်တက္ကသိုလ်ဝင်းအတွင်း မဲရုံများ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မဲရုံတာဝန်ကျဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ မဲရုံဝန်ထမ်းများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ်းနားလမ်းရှိယဉ်ကျေးမှုပြတိုက်နှင့် ဆန်းချီချောင်းအကြား (အရှည် ၂၀၀၀ ပေ × အကျယ် ၂၄ ပေ × ထု ၈ လက်မ) ကွန်ကရစ်ခင်းကျင်းနေမှုအခြေအနေ၊ လမ်းလယ်ကျွန်း အရှည် (၇၀၀ ပေ ×  အကျယ် ၅ ပေ)ဆောင်ရွက်နေမှုအခြေအနေနှင့် လမ်းလယ်မီးတိုင်စိုက်ထူနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ကမ်းနားလမ်း ရွှေဝယ်ကမ်းသာရင်ပြင်ရှေ့တွင် ရောင်းချနေသည့် ညဈေးတန်းဈေးဆိုင်များ သန့်ရှင်းသပ်ရပ်စွာရောင်းချနိုင်ရေး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်ရေရှည်ခိုင်မြဲစေရေး၊သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊သတ်မှတ်ကာလအတွင်းလုပ်ငန်းများပြီးစီးရေးတို့ကို အလေးအနက်ထားဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)