ဇေယျာသီရိမြို့နယ်တွင် ဖရဲစိုက်တောင်သူများအား (GAP) စနစ်နည်းပညာပေးသင်တန်းဖွင့်

ဇေယျာသီရိ ဇန်နဝါရီ

နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ဖရဲစိုက်တောင်သူများအား (GAP)နည်းပညာပေး သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက စိမ်းစားပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေး စင်တာ၌ ကျင်းပခဲ့သည်။

သင်တန်းတွင် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဒေါ်ခင်မြမြလွင်၊ ဥတ္တရခရိုင် ဦးစီးမှူး ဦးထိန်လင်းဟန်တို့က အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် ဦးစီးမှူး ဦးပြေသိန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

''ဇေယျာသီရိမြို့နယ်မှာ ယခင်နှစ်တွေတုန်းက ဖရဲစိုက်တောင်သူ အနည်းငယ်သာရှိပြီး ယခုနှစ်မှာတော့ ကျေးရွာအုပ်စု() အုပ်စုမှာ ဖရဲစိုက်တောင်သူ (၈၀) အထိရှိလာကာ ဧကအနေနဲ့တော့ (၃၇၈) အထိစိုက်ပျိုးလာတာကို တွေ့ရတယ်၊ ဒါကြောင့် တောင်သူတွေကို ဖိတ်ခေါ်ပြီး ယခုလိုသင်တန်းပေးတာဖြစ်တယ်" ဟု ဇေယျာသီရိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးပြေသိန်း၏ ပြောပြချက်အရသိရသည်။

အဆိုပါသင်တန်းတွင် တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဦးမျိုးနိုင်၊ ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးပြေသိန်းနှင့် မြေအသုံးချရေးတာဝန်ခံ ဒေါ်အိနန္ဒာကြည်တို့က စိုက်ပျိုးရေးသုံး ဓာတုဆေးများနှင့် အခြားဓာတုဆေး ပစ္စည်းများ လိုက်နာဆောင်ရွက်ရန် အချက်များ၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးကဏ္ဍ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ သီးနှံများအရည်အသွေးကဏ္ဍ၊ လုပ်သားများကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍနှင့် လူမှုဘဝသာယာရေးကဏ္ဍ စသည့်ခေါင်းစဉ်များဖြင့် သင်ကြား ပို့ချသွားမည်ဖြစ်သည်။                  

ဖရဲစိုက်တောင်သူများအနေဖြင့် (GAP)စနစ် အနည်းငယ်ဖြည့်စွက်စိုက်ပျိုးခြင်းဖြင့် အရည်အသွေးမီ သစ်သီးဝလံများ ရရှိခြင်း၊ စားသုံးသူအန္တရာယ်ကင်းရှင်းခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ်ခြင်း၊ လုပ်သားကျန်းမာရေးနှင့် ဘဝသာယာဝပြောရေးကိုလည်း အထောက်ကူပြုနိုင်ခြင်း  စသည့်အကျိုးကျေးဇူးများ ရရှိလာနိုင်ကြောင်း သိရသည်။

အေးလင်းထွန်း(ပြန်/ဆက်)