မော်လမြိုင်ကျွန်း ဇန်နဝါရီ ၇
မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ အသွားအလာ ကန့်သတ်ထားသည့် အမှတ် ၉ ရပ်ကွက်၊ ဇီဇဝါလမ်း၊ ခိုင်ရွှေဝါလမ်းနှင့် အောင်ရိပ်သာလမ်းမှ အိမ်ထောင်စု ၂၁၉ စုအား စားသောက်ရေး အဆင်ပြေစေရေး အတွက် အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ပေးဝေလှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ပစ္ဆိမာရုံစာသင်တိုက် ဆရာတော်ဘုရားကြီး၏ သြဝါဒကို ခံယူလျက် ပစ္ဆိမာရုံ စာသင်တိုက် ဆရာတော် မဟာဂဏ္ဍဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တရေဝတာလင်္ကာရ ဆရာတော်နှင့် စေတနာရှင် အလှူရှင်များမှ အိမ်ထောင်စု တစ်စုလျှင် အာလူး(၅၀)ကျပ်သား၊ ငါးသေတ္တာ (၃)ဗူး၊ ခေါက်ဆွဲ(၃)ထုပ်၊ ဘဲဥ(၁၀)လုံး၊ လက်ဘက်ခြောက်(၁)ထုပ် စုစုပေါင်း ၅ မျိုးအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ထောက်ပံ့လှူဒါန်းခဲ့သည်။
အောင်အောင်(ပြန်/ဆက်)