ကိုဗစ်-၁၉ ရောဂါကာလအလွန် ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ပြန်လည်ဖွင့်လှစ် ချိန် ရွှေစည်းခုံ စေတီတော်ကြီးတွင် ကျန်းမာ‌ရေးနှင့်အညီဘုရားဖူးများအတွက်ကြိုတင် ပြင်ဆင်ထားရှိ

ညောင်ဦး  ဇန်နဝါရီ  ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန် ပြန်လည်ဖွင့်လှစ်ချိန် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဘုရားဖူးများရွှေစည်းခုံဘုရားကြီးသို့လာ ရောက်လေ့လာဖူးမြှော်လာပါက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း ရွှေစည်းခုံစေတီကြီး ဂေါပကအ ဖွဲ့အတွင်းရေးမှူး ဦးသိန်းအောင်ထံကသိရသည်။

ကိုဗစ်-၁၉ ရောဂါကာလအလွန် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပြန်လည်ဖွင့်လှစ်ခွင့်ရချိန် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရားများ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ရောက်ရှိလာပါက ရွှေစည်းခုံဘုရားကြီး ဝင်ရောက် လေ့လာဖူးမြှော်ကြမည့်ခရီးသွားဧည့်သည်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိလျှက်ရှိရာ ရွှေစည်းခုံဘုရားကြီးသို့လာရောက်ဖူးမြှော်မည့် ဘုရားဖူးများအား ဘုရားကြီး အရှေ့ဘက်မုဒ်မှ ဝင်ရောက်ရ မည်ဖြစ်ပြီး အလိုအလျှောက် အပူချိန်တိုင်းစက်ဖြင့် CCTV ကင်မရာတပ်ဆင်ထားရှိပြီး အပူချိန်အလို အလျှောက် တိုင်းထားမည်ဖြစ်ကာ၊ ကိုယ်အပူချိန်တိုင်းပြီးချိန် နောက်ကောင်တာတစ်ခု (ပလတ်စတစ်အလုံခန်းတွင်း)မှ လာရောက် သည့်မြို့ ခရီးစဉ်မှတ်တမ်း၊ ဖုံးနံပါတ်များရေးသွင်းမှတ်တမ်းတင်ထားမည်ဖြစ်သည်။ ထိုမှတဆင့် ရွေစည်းခုံ ဘုရားကြီးအား လက်ဝဲရစ်လှည့်လည်ဖူးမြှော်လေ့လာနိုင်မည်ဖြစ်ပြီး လေ့လာဖူးမြှော်ပြီးပါက ဘုရားကြီးတောင်ဘက်မုဒ်မှ ပြန်လည်ထွက်ခွာရမည်ဖြစ်ကြောင်း ရွှေစည်းခုံဘုရားကြီး ဂေါပကရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးက ရှင်းပြသည်။ ဘုရားဖူးခရီးသွားများ အရှေ့ဘက်မုဒ်ခြေထိ ကားများပေါ်မှဆင်းစေပြီး ဘုရားဖူးလာကာများ ရွှေစည်းခုံဘုရား ကြီးတောင်ဘက် ကွင်းပြင်ကျယ်မှစောင့်ဆိုင်းနေရမည်ဖြစ်ကြောင်း သိရသည်။ ဘုရားကြီး အရှေ့ဘက်မှဝင်ရောက်စဉ် လက်ဆေးဘေစင်များ၊  Hand Gel၊ များဖြင့်လက် သန့်စင်ဆေးကြောရမည်ဖြစ်ကာ သတ်မှတ်လူဦးရေဖြင့် ဝင်ရောက်စေပြီး ဘုရားကြီးမှ ပြန်ထွက်သည့် အရေအတွက်ပေါ်မူတည်ကာ ထပ်မံဝင်ရောက် ဖူးမြှော်စေမည်ဖြစ်ကြောင်း သိရသည်။

ရွှေစည်းခုံစေတီတော်ကြီး၏မူလပထမဘုရားဒါယကာမှာ အနော်ရထာမင်းကြီး ခရစ်နှစ်( ၁၀၄၄-၁၀၇၇)သည် ရွှေစည်းခုံစေတီကြီးအား ကောဇာသက္ကရာဇ် ၄၂၁ခုနှစ်၊ တပိုတွဲလဆန်း (၁၀)ရက် ၊ကြာသပတေးနေ့ တွင် စတင်တည်ဆောက်တည်ထားခဲ့ရာ အပြီးသတ်တည်ဆောက်ပြီးစီးမှုမရှိပဲ ကျန်စစ်မင်းကြီး ခရစ်နှစ် (၁၀၈၄-၁၁၁၃)ခုနှစ် လက်ထက်ကောဇာသက္ကရာဇ် ၄၅၁ခုနှစ်၊တန်ဆောင်မုန်းလဆန်း ၁၃ရက်နေ့ ၊ဗုဒ္ဓဟူးနေ့ တွင် ဆက်လက်၍ တည်ဆောက် ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၂ခုနှစ် ၊ကဆုန်လပြည်နေ့ တွင်တည်ဆောက် ကိုးကွယ်ပြီးမြောက်ခဲ့ကြောင်း သမိုင်း မှတ်တမ်းများအရသိရသည်။ စတင်တည်ဆောက်ခဲ့ရာခုနှစ်ကာလနှင့်တွက်ဆပါက နှစ်ပေါင်း ၉၆၀ကျော်ရှိခဲ့ပြီဖြစ် ကြောင်းသိရသည်။

အနော်ရထာမင်းကြီးသည် သရေခေတ္တရာစေတီဟောင်းမှ ဗုဒ္ဓမြတ်စွာ၏ နဖူးသင်း ကျစ်ဓာတ်တော်ကို ဆင်ဖြူတော် ပေါ်တွင် တင်ဆောင်၍ ပုဂံနေပြည်တော်သို့ပင့်ဆောင်ခဲ့ ပြီး၊ အဓိဌာန်အတိုင်း ဆင်ဖြူတော်ဝပ်ရာ သဲစည်းခုံ နေရာ(ဇေယျဘုံဟုခေါ်တွင်သော အောင်မြေအရပ်)၌ ရွှေစည်းခုံစေတီအားတည်ထားခဲ့ကြောင်း၊ သီဟိုဠ်ကျွန်းမှ ပင့်ဆောင်ခဲ့သော စွယ်တော်ပွားကိုလည်း ဌာပနာထည့်၍ တည်ထားကိုးကွယ်ခဲ့ကြောင်းသမိုင်းမှတ်တမ်းများအရ သိရသည်။

ကိုဗစ်-၁၉ ရောဂါကာလအလွန် ပြန်လည်ဖွင့်လှစ်ချိန် ပုဂံ-ညောင်ဦးရှေးဟောင်း ဒေသသို့ရောက်လာခဲ့ပါက မဖြစ်မနေ သွားရောက်လေ့လာသင့်သည့် သမိုင်းအထင်ကရ စေတီတစ်ဆူဖြစ်ကြောင်းသိရသည်။

ကိုထိန်၊KPD