ပလောက် ဇန်နဝါရီ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ရည်ရွယ်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အဖြစ် "သတင်းစကား" လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများမှ ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်များတွင် ပြည်ထောင်စုနေ့၏ သမိုင်းနောက်ခံအကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ တိုင်းရင်းသားခေါင်းဆောင်များနှင့် လက်မှတ်ရေးထိုးခဲ့သော ပင်လုံစာချုပ်၏ အရေးပါမှု၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုင်ရာအချက်များကို အလေးထားဖော်ပြထားပြီး အထူးသဖြင့် ကျောင်းသား၊ကျောင်းသူများ နားလည်လွယ်ကူစေရန် စာသားနှင့် ရုပ်ပုံများဖြင့် စီစဉ်ဖော်ပြထားသည်။
ထို့အပြင် ယနေ့ခေတ် ပြည်ထောင်စုမြန်မာနိုင်ငံတည်ဆောက်ရေးတွင် လူငယ်မျိုးဆက်များ၏ အခန်းကဏ္ဍအရေးပါမှု၊ နိုင်ငံသမိုင်းအမွေအနှစ်များကို လေးစားထိန်းသိမ်းရန်နှင့် ပြည်ထောင်စုအကျိုးအတွက် စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်သင့်ကြောင်းကိုလည်း လက်ကမ်းစာစောင်များမှတစ်ဆင့် အသိပညာပေးထားပြီး ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာလာစေရန်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက် )