သရက်ချောင်း ဇန်နဝါရီ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီခွဲက သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ကာကွယ်ဆေးထိုးနှံပေးခြင်းကြောင့် မွေးကင်းစမှ ကလေးသူငယ်များအားလုံးကို ရောဂါဆိုးကြီးများမှ အသက်အန္တရာယ်ထိကာကွယ်ပေးနိုင်တဲ့ ထိရောက်ဆုံးသော၊ စီးပွားရေးအရ အကျိုးအမြတ်များဆုံးသော ကျန်းမာရေးဝန်ဆောင်မှုတစ်ရပ်ဖြစ်ကြောင်း၊ ကာကွယ်ဆေးကာကွယ်မှုနှုန်း (Vaccine Coverage Rate)ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားလုံးနေရာစုံ လွှမ်းခြုံနိုင်ရန်အတွက် စိန်ခေါ်မှုများစွာရှိနေဆဲဖြစ်ကြောင်း၊ မြို့နယ်အတွင်း ဝေးလံဒေသများ၊ ပဋိပက္ခဖြစ်ပွားနေသော ဒေသများနှင့် ရွှေ့ပြောင်းနေထိုင်သူများကြားတွင် "ကာကွယ်ဆေး လုံးဝမရရှိသော ကလေးငယ်များ (Zero-Dose Children)"ရှိနေသေးသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ ကလေးငယ်များအားလုံး ကာကွယ်ဆေးအပြည့်အစုံရရှိရေးသည် ကျွန်ုပ်တို့အားလုံးတာဝန်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးမှုမှတဆင့် လက်တွေ့ကျပြီး အကျိုးရှိသည့် လုပ်ငန်းများပေါ်ထွက်လာ၍ မြို့နယ်အတွင်းရှိ ကလေးငယ်တိုင်းအတွက် ပိုမိုကျန်းမာသော အနာဂတ်ကို ဖန်တီးပေးနိုင်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးမှ အခမ်းအနားသို့ တက်ရောက်လာသူများအား ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းနွေးဆွေးပြီးနောက် တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြုံပြုဆွေးနွေးခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)