ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပြည်နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားသို့တက်ရောက်

ဟားခါး ဇန်နဝါရီ ၂၉

နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျန်းမာရေးဝန်ထမ်း တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကြက်ခြေနီအသင်းဝင်များ  တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပုံမှန်ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းစေရန်အတွက် အသက်အရွယ်အလိုက် (၁ )နှစ်အောက်၊ (၅) နှစ်အောက်၊ (၁၅) နှစ်အောက်စသည်ဖြင့်ကလေးငယ်များအတွက် လိုအပ်သည့်ကာကွယ်ဆေးများကို ကလေးတိုင်းဆီသို့ရောက်သွားအောင် နည်းလမ်းမျိုးစုံဖြင့် အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ရောဂါဖြစ်မှကုသခြင်းထက် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းသည် ပို၍ကောင်းကြောင်း၊ အခြေအနေအကြောင်းကြောင်းကြောင့် လူတစ်ရာမှာ တစ်ရာထိုးနှံမှုမပြုလုပ်နိုင်ပါကလည်း ထိုးနှံလွှမ်းခြုံမှုရာခိုင်နှုန်း ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံလွှမ်းခြုံမှု ရာခိုင်နှုန်းအောင်မြင်အောင်ဆောင်ရွက်နိုင်ရေးသည် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတစ်ခုတည်းနှင့် မလုံလောက်နိုင်ပါကြောင်း၊ လူမှုရေးအဖွဲ့အစည်းများနှင့်ဘာသာရေးခေါင်းဆောင်များ၏ ပူးပေါင်းပါဝင်မှုလိုအပ်သဖြင့် ပူးပေါင်းပါဝင်နိုင်အောင် စည်းရုံးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ချင်းပြည်နယ်၏ အခြေအနေအရ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ခြင်းသည် အထိရောက်ဆုံး စည်းရုံးရေးလုပ်ငန်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည် ချင်းပြည်နယ်၏ ကံကြမ္မာနှင့်သက်ဆိုင်ပါကြောင်း၊ ပြည်သူတစ်ရပ်လုံးကျန်းမာကြံ့ခိုင်မှ ချင်းပြည်နယ်၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြှင့်မားစေရေးနှင့်ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းစဉ်များ ပိုမိုဆောင်ရွက်နိုင်ရေး အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် နှီးနွယ်ဌာနများ၏ ပံ့ပိုးကူညီမှုများနှင့်အတူ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းတွင်လည်း အားသွန်ခွန်စိုက် ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာချမ်းငြိမ်းမောင်က နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းစဉ်များအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု) ဒေါ်ခေါမွေငူးရီက ချင်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးသည့်လုပ်ငန်းစဉ်များကိုလည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြှင့်မား စေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းစဉ်များ ပိုမိုဆောင်ရွက်နိုင်ရေး Video Clip ပြသပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)