မြောင်းမြ ဇန်နဝါရီ ၇
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ တကောကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိလာသ (သစ္စာရှင်လူမှုကယ်ဆယ်ရေးအဖွဲ့ ဦးဆောင် တည်ထောင်သူ) မှ ကြီးမှူး၍ အလှူဒါန်းသော အောက်ဆီဂျင်ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက မြောင်းမြ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ Isolation ward အဆောက်အဦ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇာနည်တင့်၊ မြောင်းမြပြည်သူ့ဆေးရုံးအုပ်ကြီး ဒေါက်တာနှစ်ဆန်းဦးနှင့် မြို့မိမြို့ဖများ ဖြစ်ကြသော ဒေါက်တာမောင်မောင်အောင်၊ ဦးအင်းယားတို့က အောက်ဆီဂျင်ရုံးခန်း ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး အိမ်မဲမြို့နယ်၊ တကောကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိလာသ က အောက်ဆီဂျင်ရုံးခန်းဖွင့်ပွဲ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်ပေးကာ ပရိတ်တရားတော်များ ဟောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်တင့်၊ မြို့မိမြို့ဖများ၊ သစ္စာရှင်လူမှု ကယ်ဆယ်ရေးအဖွဲ့ဝင်များ တက်ရောက် ကြကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)