မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ ပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲ ကျင်းပ

မြိတ် ဇန်နဝါရီ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုစိတ်ဓာတ် တိုးတက်မြင့်မားစေရန်၊ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်အတွက် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ပညာပေးပြပွဲ/ ဉာဏ်စမ်းပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက ပြည်ထောင်စုနေ့ ဖြစ်‌ပေါ်လာပုံ သမိုင်းကြောင်းနှင့် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် နိုင်ငံချစ်စိတ်မျိုးချစ်စိတ်များ အစဉ်ထာဝရမွေးမြူပြီး ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ် စိတ်များကို တန်ဖိုးထားကြကာ တန်ဖိုးရှိသော အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သော အနာဂတ်လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြရန် အသိပညာပေးဟောပြောသည်။

ထို့နောက် စကားပုံဆက်ဉာဏ်စမ်းပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား/သူများက ပျော်ရွင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့အတူ ပြည်ထောင်စုနေ့အကြို စာဖတ်ဝိုင်း ပြုလုပ်ရာတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးနှင့် ကျောင်းသား/သူများက လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး သုတ/ရသ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)