မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာငါးလေလံ ဈေးနှင့် ငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက် အအုံများတည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစီမံကိန်းကို မကြာမီ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်

မြိတ် ဇန်နဝါရီ  ၂၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု၌ မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ “အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့် ဆက်စပ်အဆောက်အအုံများ တည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စီမံကိန်း” ကို မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက်အအုံများ တည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစီမံကိန်းနှင့် သက်ဆိုင်သည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment–EIA) လုပ်ငန်း စဉ်များကို အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းနှင့် သတင်းအချက်အလက်များ ထုတ်ဖော်တင်ပြခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကုမ္ပဏီခန်းမတွင် ကျင်းပသည်။

ဆွေးနွေးရာတွင် မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်စိုးက နှုတ်ခွန်းဆက်စကားပြောကြားပြီး စီမံကိန်းဌာနမှူး လက်ထောက်အထွေထွေမန်နေဂျာ ဦးမြတ်စံက စီမံကိန်းအကြောင်းအရာများ ရှင်းလင်းပြေကြားသည်။ ထို့နောက် အီးဂတ်ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှု၏ အကြံပေးပုဂ္ဂိုလ် ဦးစည်သူအောင်က ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ်  လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ‌ဒေသခံများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး အကြံပြုကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ စီမံကိန်းလုပ်ငန်း၏ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ သဘာဝ ပတ်ဝန်းကျင် အခြေအနေတိုင်းတာမှုများ၊ ဇီဝမျိုးစုံ၊ မျိုးကွဲများ အခြေအနေ လေ့လာဆန်းစစ်မှု များ၊ စီမံကိန်းနှင့်ဆက်နွယ်သည့်ဒေသများမှ လူမှုစီးပွားအခြေအနေ ဆန်းစစ်မှုများကို ဆောင်ရွက် ထားရှိပြီးဖြစ်ကာ ယနေ့တွင် စီမံကိန်း၏ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်း စဉ်၏ သတင်းအချက်အလက်များအပေါ် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းဖြစ်‌ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်အနေဖြင့် စီမံကိန်းအပိုင်း(၄)ပိုင်းခွဲခြားပြီး အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းဧရိယာအတွင်း ဆိပ်ခံတံတားနှင့် သယ်ယူပို့ဆောင်ရေးနယ်မြေ၊ စက်မှုလုပ်ငန်းနယ်မြေ၊ ကုန်သွယ်မှုနယ်မြေ၊ အထောက်အကူပြု အသုံးချနယ်မြေ၊ စက်မှုဇုန်ဝန်ဆောင်မှုနယ်မြေနှင့် စိမ်းလန်းနယ်မြေစသည့် နယ်မြေ (၆)ခုသတ်မှတ်ထားရှိပြီး စီမံကိန်းကို မကြာမီ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)