ညောင်ရွှေ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ကြက်ခြေနီအသင်းမှ ညောင်ရွှေမြို့ Balloons Over Inle အပျော်စီးမီးပုံးပျံ ဝန်ထမ်းများအား ရှေးဦးသူနာပြုစုနည်း သင်တန်းပို့ချခြင်းကို ညောင်ရွှေမြို့၊ နန္ဒဝန် ရပ်ကွက်အတွင်းရှိ Balloons Over Inle ရုံးအနီး၌ ယမန်နေ့မှစတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါသင်တန်းတွင် လူနာဆန်းစစ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ သတိလစ်ခြင်း၊ မူးမေ့ခြင်း၊ အပူလောင်ခြင်း၊ အရိုးကျိုးခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများ ကိုက်ခြင်း၊ တုပ်ခြင်း၊ ဆို့နင်ခြင်း၊ ဦးခေါင်းဒဏ်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ ပတ်တီးစည်းခြင်းနှင့် လူနာသယ် ဆောင်ခြင်း သင်ခန်းစာများကို နည်းပြနှစ်ဦးမှ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းသား (၂၁)ဦးတက်ရောက်လျက်ရှိကြောင်းနှင့် သင်တန်း ကာလမှာ (၃)ရက်ဖြစ်ကြောင်း သိရှိရသည်။
Balloons Over Inle အပျော်စီးမီးပုံပျံဝန်ထမ်းများအား ရှေးဦးသူနာပြုစုခြင်းသင်တန်းကို တစ်နှစ်လျှင်တစ်ကြိမ် တက်ရောက်စေခဲ့ပြီး ယခင်နှစ်များက တောင်ကြီးမြို့နယ် ကြက်ခြေနီအသင်း သို့ ဆက်သွယ်ဆောင်ရွက် ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကြုံတွေ့နေရသည့် အခြေအနေများကြောင့် ညောင်ရွှေမြို့နယ် ကြက်ခြေနီအသင်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သင်တန်းနည်းပြအင်အားနှင့် သင်ထောက်ကူပစ္စည်း ပြည့်စုံလုံလောက်မှု မရှိကြောင်း၊ သင်တန်းနေရာအခက်အခဲ အနည်းငယ်ရှိကြောင်း၊ မိမိသိရှိနားလည်ထားသည့် ပညာရပ်များအား အများအတွက်ပြန်လည်မျှဝေ သင်ကြားပို့ချပေးရသည့်တွက် ကျေနပ်ဝမ်းမြောက်မိပါကြောင်း၊ နောက်နောင်တွင်လည်း ယခုကဲသို့ သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချပေး သွားမည် ဖြစ်ကြောင်း သင်တန်းနည်းပြ ဒေါ်သဲသဲလေးက ပြောကြားခဲ့သည်။
စိုင်းအယ်ဘဲ