မူဆယ် ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာစုစုပေါင်း(၃)ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဇန်နဝါရီလ(၇)ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း မူဆယ်မြို့၊ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လက်ရှိမူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံ၌ အတည်ပြုလူနာ(၂)ဦးဆေးကုသမှုခံယူခဲ့ပြီး မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ စုစုပေါင်း(၅၆)ဦးအနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၅၄)ဦး ရှိခဲ့ပြီဖြစ်သည်။
“ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ကျွန်တော်တို့ ဝိုင်းဝန်လိုက်နာကြဖို့ အဓိကလိုအပ်ပါတယ်၊ စားသောက်ဆိုင်တွေကလည်း စားသောက်ဆိုင်တွေ လိုက်နာရမယ့်စည်းကမ်း၊ အလုပ်ရုံတွေအနေနဲ့ အလုပ်ရုံတွေ လိုက်နာရမယ့်စည်းကမ်း၊ ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးလမ်းညွှန်ချက်တွေကို စနစ်တကျဝိုင်းဝန်းလိုက်နာနိုင်မှ ကျွန်တော်တို့ရဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ချင်တဲ့ လုပ်ငန်းတစ်ရပ်ကို အောင်မြင်မှုရရှိမှာ ဖြစ်ပါတယ်” ဟု မူဆယ်မြို့၊ ကျန်းမာရေးဌာနမှ တာဝန်ခံ ဒေါက်တာ ဟန်နိုင်စိုးက ပြောကြားခဲ့သည်။
မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဌာနဆိုင်ရာ များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ရပ်မိ၊ ရပ်ဖတို့ ဝိုင်းဝန်းပူးပေါင်း၍ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။
အလားတူ မူဆယ်မြို့၊ မြို့အဝင်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအဖွဲ့မှ ခရီးသည်းပြည်သူများကို ကျန်းမာရေးစစ်ဆေးမှုများ စနစ်တကျ ဆောင်ရွက်ခြင်း၊ အခြားဒေသများမှ မူဆယ်မြို့သို့ ရောက်ရှိသူများကို ကိုဗစ်-၁၉ရောဂါ ကင်းစင်ကြောင်း ကျန်းမာရေးထောက်ခံစာများ စစ်ဆေးခြင်းနှင့် ကျန်းမာရေးထောက်ခံစာမရှိပါက မူဆယ်မြို့၊ စောင့်ကြည့်လူနာဆောင်သို့ စနစ်တကျပို့ဆောင်ခဲ့သည်။
“မူဆယ်မြို့ကို ရောက်ရှိတဲ့ ခရီးသွားပြည်သူအများစုက နာရေးကိစ္စကြောင့် ရောက်ရှိလာသူတွေ များပါတယ်၊ သူတို့ဒေသမှာ ဆေးစစ်ဖို့ အချိန်မရတော့ ထောက်ခံစာတွေနဲ့ ရောက်လာသူတွေလည်းရှိတဲ့ အတွက် မြို့ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးကော်မတီနဲ့ မူဆယ်မြို့၊ ပြည်သူ့ဆေးရုံတာဝန်ခံဆရာဝန်ကြီးထံကို တင်ပြပြီး လမ်းညွှန်ချက်ခံယူပါတယ်၊ ဆရာဝန်ကြီးရဲ့ လမ်းညွှန်ချက်အတိုင်း စောင့်ကြည့် လူနာဆောင်မှာ ယာယီထားရှိပြီးတော့ ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်” ဟု မူဆယ်မြို့၊ မြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသည့်ဦးမျိုးခိုင်က ပြောကြားသည်။
တစ်ဖက်နိုင်ငံ၊ တရုတ်နိုင်ငံဘက်မှ ပြန်လည်ရောက်ရှိလာသော နေရပ်ပြန်ပြည်သူများနှင့် ကိုဗစ်-၁၉ရောဂါ ကင်းစင်ကြောင်း ကျန်းမာရေး ထောက်ခံချက်မပါရှိဘဲ မူဆယ်မြို့သို့ ရောက်ရှိလာသော ခရီးသွားပြည်သူများကို မူဆယ်မြို့၊ ပြည်ထောင်စုအားကစားနှင့် တရုတ် စာသင်ကျောင်းတို့ရှိ စောင့်ကြည့်ဆောင်တို့တွင် အသီးသီးထားရှိခဲ့ပြီး ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကုသနိုင်ရန်အတွက် ကျန်းမာရေးလမ်းညွှန်ချက်တို့နှင့် အညီ စနစ်တစ်ကျဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)