အခြေခံပညာအလယ်တန်း(ယုဇန) ကျောင်းတွင် နယ်လှည့်မိုလ်ဘိုင်း ကွင်းဆင်းဆောင်ရွက်

ခမောက်ကြီး ဇန်နဝါရီ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း(ယုဇန)တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့်မိုလ်ဘိုင်းကွင်းဆင်း ဆောင်ရွက်ခြင်းကို  ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက မျိုးဆက်သစ်လူငယ်များအနေဖြင့် အသိပညာဗဟုသုတ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊  နိုင်ငံတော်၏တာဝန်များကို  ပခုံးပြောင်း ထမ်းဆောင်ရမည့် လူတော်လူကောင်းများ ဖြစ်လာစေရန်၊ စာပေဗဟုသုတများ တိုးပွားလာစေရန်အတွက် စာအုပ်များ  ငှားရမ်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး  Grade-4 ကျောင်းသား/ကျောင်းသူများအား စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းနှင့် ငှားရမ်းပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ  တိုးပွားလာစေရန်အတွက် တစ်ကြိမ်လျှင် အခန်း (၂)ခန်းနှုန်းဖြင့် တစ်ပတ်လျှင် (၁) ကြိမ် Grade-4 မှစ၍ Grade-8 အထိ အလှည့်ကျ စာအုပ်စာစောင်များအား လဲလှယ်ငှားရမ်းပေးခြင်းအပြင်  ဉာဏ်စမ်းပြိုင်ပွဲများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခမောက်ကြီး (ပြန်/ဆက်)