ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ မြို့နယ်ပညာရေးမိသားစုမှ အောက်စီဂျင်ဘူး (၁၃) လုံးနှင့် ဆေးရုံသုံးပစ္စည်းများ တတိယအကြိမ်မြောက်ပေးအပ်လှူဒါန်း

ကျောက်ပန်းတောင်း ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမိသားစုမှ မြို့နယ်ပြည့်သူ့ဆေးရုံတွင် အသုံးပြုနိုင်ရန်အတွက် အောက်စီဂျင် ဘူးကြီး (၁၃) လုံးနှင့် ဆေးရုံသုံး အထောက်အကူပြု ပစ္စည်းများ တတိယအကြိမ်မြောက် ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၁၁) နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ပေးအပ်လှူဒါန်းပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်တင်တင်အေးက ပညာရေးမိသားစု၏ လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်/ ကုသရေး လုပ်ငန်းသုံးပစ္စည်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကို၊ မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်တို့က မြို့နယ်ပညာရေးမိသားစုကိုယ်စား ပေးအပ်လှူဒါန်းကြရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သက်ဦးက လက်ခံရယူသည်။ ယင်းနောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ဦးက ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ရာ မြို့နယ် ပညာရေးမှူး ဒေါ်တင်တင်အေးက လက်ခံရယူပြီး၊ မြို့နယ် ဆရာဝန်ကြီးက လှူဒါန်းမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။ မြို့နယ်ပညာရေး မိသားစုအနေဖြင့် (၇-၈-၂၀၂၀)ရက်နေ့က ပထမအကြိမ်အဖြစ် ငွေကျပ် (၂၆၅၀၀၀၀) တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ဆေးရုံသုံးပစ္စည်းများကိုလည်းကောင်း၊ (၇-၁၀-၂၀၂၀) ရက်နေ့က ဒုတိယအကြိမ်အဖြစ် ငွေကျပ်(၂၅၆၀၀၀၀) တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းမျာကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး ယခုအကြိမ်လှူဒါန်းမှုမှာ တတိယအကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ပြီး၊ အောက်စီဂျင်ဘူးကြီး(၁၃)လုံး၊ Spray Gun (၂)ခု၊ N-95 Mask (၁၀၀) ပုံး (၁၀၆၀-ခု) တို့ကို မြို့နယ်ပြည်သူ့ဆေးရုံတွင် လိုအပ်သလို အသုံးပြု နိုင်ရန် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)