ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) သို့တက်ရောက်

ဟားခါး ဇန်နဝါရီ ၃၀

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ခေတ္တပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)ဟားခါးမှ စစ်ဗျူဟာမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ  တက်ရောက်ကြသည်။

ဦးစွာချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်၏ စုပေါင်းထုတ်ကုန်တန်ဖိုးကျဆင်းခြင်းထက် အကျင့်စရိတ္တပျက်ပြားခြင်းက ပို၍ကြောက်စရာကောင်းပါကြောင်း၊ အပင်နှင့်နှိုင်းပြီးပြောပါက အမြစ်ကနေ စရမည်ဖြစ်ကြောင်း၊ အမြစ်မကောင်းပါက အသီးအပွင့်ကလည်း ကောင်းလာမည်မဟုတ်ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ အောင်ချက်မြင့်မာရေးသည် ဒုတိယ၊ တတိယများဖြစ်၍ မသမာမှုမရှိ၊ ရိုးရိုးသားသားဖြေဆိုခြင်းသည် အဓိက ပထမရည်ရွယ်ချက်ဖြစ်ပါကြောင်း၊ အစည်းအဝေးဆုံးဖြတ်ချက်တွင်လည်း ထည့်သွင်းရမည် ဖြစ်ပြီး ဆုံးဖြတ်ချက်ကို အစည်းအဝေးတက်ရောက်လာကြသူအားလုံးက လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း ၊ ယနေ့ကျင်းပသည့်အစည်းအဝေးသည် ချင်းပြည်နယ်၏ ဂုဏ်သိက္ခာနှင့်သက်ဆိုင် သည့် အစည်းအဝေးဖြစ်သဖြင့် အစည်းအဝေးတက်ရောက်လာကြသူအားလုံးက အလေးအနက်ထား ဆွေးနွေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် ခေတ္တတိုင်းရင်းသားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းက မေးခွန်းလုံခြုံရေးကဏ္ဍ၊ ဖြေဆိုရမည့်စာစစ်ဌာနကဏ္ဍနှင့် ကြီးကြပ်ရေးမှူး ကဏ္ဍများတွင် သတိထား ဆောင်ရွက်ရမည့်အချက်များကို တာဝန်ရှိသူများက တိတိကျကျ လိုက်နာဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆောင်ရွက်ရ မည့်အစီအမံများကိုလည်းကောင်း၊ စစ်ဗျူဟာအဖွဲ့ ( အခြေချ ) ဟားခါးမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်းထွန်းနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးများက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီးများက တက္ကသိုလ်ဝင် စာမေးပွဲကို မသမာမှုကင်းကင်းဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ သယံဇာတ ရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် ပြည်နယ် ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်တို့က အကြုံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)