မိုးညှင်း ဇန်နဝါရီ ၃၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ (၂၉) ရက် နံနက်ပိုင်းက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။
ဦးစွာအခမ်းအနားတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က အဆိုပါဟောပြောပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ကျော်က အကြမ်းဖက်မှုတိုက်ဖျက်ရေး အသိပညာပေးနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ချက်များနှင့်ရှောင်ရှားရမည့်အချက်များ၊ ပြစ်မှုများကြူးလွန်ပါက ကျခံရမည့်ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည်တို့ကို ဟောပြောခဲ့သည်။
ထို့နောက်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်းက မီးဘေးလုံခြုံရေးနှင့် ကြိုတင် ကာကွယ်ရေးဆိုင်ရာနှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်အမျိုးအစားများ၊ မီးအတန်းအစားအလိုက် မီးငြှိမ်းသတ်ခြင်း နည်းစနစ်များ၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များကို ပါဝါပွိုင့်ဖြင့် အသိပညာပေးဟောပြောပြီး တက္ကသိုလ်ပင်မဆောင်ရှေ့တွင် မီးဘေးလုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာအသိပညာနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း