ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်စုအဆင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

ကျောက်ပန်းတောင်း ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနက တပ်စုအဆင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီက မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်း တွင်ပြုလုပ်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုတွင် မထင်မှတ်သည့် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သော ငလျင်ဘေးအန္တရာယ်ဆိုးဖြင့် ကြုံတွေ့ရသည့်အခါ အခင်းဖြစ်လျှင်ဖြစ်ချင်း အသင့်စုဖွဲ့ထားသည့် ကျောက်ပန်းတောင်းမြို့နယ် တပ်စုအဆင့်ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် အသင့် နေရာယူခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနှင့် တပ်စုမှူးက တပ်စိပ်ခေါင်းဆောင်များသို့ ရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်ရန် ASR LEVEL အဆင့် အလိုက်  အမိန့်ပေးဆောင်ရွက်ခြင်းနှင့် လူနာ များ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအပေါ်မူတည်၍  တပ်စိပ်ခေါင်းဆောင်မှ  အစိမ်းရောင် လူနာ၊ အဝါရောင်လူနာ၊ အနက်ရောင်လူနာ စသည်ဖြင့် အဆင့်ခွဲ၍  ကယ်ဆယ် ရွှေ့ထုတ်ခြင်း များအပြင်၊ အထပ်မြင့် အဆောက်အဦတွင် ပိတ်မိ လူနာများအား အဖွဲ့၏ ခေတ်မီကြိုးချည် နည်းစနစ်များကို အသုံးပြု၍ လူနာများကို အန္တရာယ်ကင်းစွာ ကယ်ထုတ်ခြင်းနည်းစနစ်များကို သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး၊ အခန်းတွင်းပိတ်မိလူနာများကို ကယ်ဆယ်နိုင်ရန်အတွက် ခေတ်မီ Engine cutter ကိုအသုံးပြုပြီး၊ အုတ်နံရံကို ဖောက်ထွင်း၍ လူနာကယ်ထုတ်ခြင်း၊ Lifting bag ကိုအသုံးပြု၍ ပိတ်မိလူနာများအား ကယ်ထုတ်ခြင်းများကို သန္ဓေတပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး စုစုပေါင်း(၃၀)ဦးတို့ဖြင့် ကိုယ်စီတာဝန်အလိုက် စနစ်တကျဖြင့် ဟန်ချက်ညီညီ ဆောင်ရွက်ခဲ့ကြပြီး ဇာတ်တိုက် လေ့ကျင့်မှုကို နံနက်(၉)နာရီ (၄၅) မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ တပ်စုအဆင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးထက်အောင် တက်ရောက်၍ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်ဌေးက အနီးကပ်ကြီးကြပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)