ညောင်ဦး ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နရပတိစည်သူမင်းကြီးနှင့်နား တောင်းများမင်း(ခေါ်) ဇေယျသိင်္ခမင်းကြီးတို့ တည်ထားကိုးကွယ်ခဲ့သည့် ကန်တော့ပလ္လင်ဘုရား အဝင်မုခ်ရှိ ထိုင်တော်မူဆင်းတုတော်အား ယနေ့နံနက် (၇)နာရီအချိန်က စတင်ကာ ရွှေသင်္ကန်းစတင်ကပ်လှူလျက်ရှိကြောင်း သိရသည်။
ကန်တော့ပလ္လင်ဘုရား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်ကော်မတီဝင်များ၊ ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်ကော်မတီဝင်များက ရွှေသင်္ကန်းကပ်လှူခြင်း စတင်ခဲ့ကြောင်း သိရသည်။
ကန်တော့ပလ္လင်ဘုရားကြီးကို နရပတိစည်သူမင်းကြီးက ကောဇာသက္ကရာဇ် ၅၆၅ ခုနှစ်၊ အေဒီ ၁၂၀၃ ခုနှစ်တွင် စတင်တည်ထားခဲ့ပြီး (၈)နှစ်အကြာတွင် မင်းကြီးနတ်ရွာစံ ကံကုန်တော်မူသဖြင့် သားတော် နားတောင်းများမင်း(ခေါ်) ဇေယျသိင်္ခမင်းက ကောဇာသက္ကရာဇ် ၅၈၈ ခုနှစ်တွင် အပြီးတိုင် တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။ ကန်တော့ပလ္လင်ဘုရားကြီးသည် လိုဏ်လေးဆင့်ခံ နှစ်ထပ်ဂူဘုရားဖြစ်၍ ဉာဏ်တော် (၁၈၀)ပေမြင့်သည့် ဂူဘုရားဖြစ်ကြောင်း သိရသည်။
ဒီပါလင်း