မိုးညှင်း ဇန်နဝါရီ ၃၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတွင် သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် ရိုးရာအစဉ်အလာအရ (၂၄)ကြိမ်မြောက် ဇောတိရှမ်းဘာသာတို့၏ စုပေါင်းရှင်ပြုပွဲတော်ကို ပညာလင်္ကာရ ဇောတိရှမ်းကျောင်း၌ တပို့တွဲလဆန်း (၁၂)ရက်မှ တပို့တွဲလပြည့်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့ရှင်ပြုပွဲတော် တတိယနေ့တွင် ရှင်မိရှင်ဖများနှင့် ပွဲလာပရိတ်သတ်များ စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ရှင်ပြုပွဲတော်တွင် မောင်ရှင်လောင်းများအား ရှင်သာမဏေမပြုမီ ၎င်းကျောင်း၌ မောင်ရှင်လောင်းများမှ သတ်မှတ်နေရာတွင် ခဲဘွယ်စားစရာများ သုံးဆောင်နိုင်ရန်အတွက် ရှင်လောင်းများအား တန်းစီလှည့်လည်ရာတွင် ရှင်မိရှင်ဖများနှင့် ပွဲလာဧည့်ပရိတ်သတ်များက ရှင်လောင်းများအတွက် ခဲဘွယ်စားစရာများကို လောင်းလှူကြခြင်းနှင့် အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်းများ ပြုလုပ်ကြပြီး ရှင်လောင်များမှ ခဲဘွယ်စားစရာများ သုံးဆောင်ကြပြီး ယနေ့တွင် ရှင်သာမဏေ အပါး(၂၃)ပါးကို ဆရာတော်ကြီးများအပါဝင် သံဃာတော်များမှ အဆိုပါ ရှင်လောင်းများအား ဝတ်နည်းတော်များအရ ပဗ္ဗဇ္ဇိတ ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းချီးမြှောက် ပေးလျက်ရှိကြောင်း သိရသည်။
ဇောတိရှမ်းတို့၏ စုပေါင်းရှင်ပြုပွဲတော်ကို မြန်မာတစ်နိုင်ငံလုံးတွင် မိုးညှင်းမြို့ရှိ ပညာလင်္ကာရဇောတိရှမ်းကျောင်းတစ်ခုတည်းတွင်သာ ပြုလုပ်လေ့ရှိသဖြင့် တစ်နိုင်ငံလုံးရှိ ဇောတိရှမ်းဘာသာဝင်များသည် ပွဲတော်ရက်မတိုင်မီက တကြိုတင်ရောက်ရှိလာကြကာ ပွဲတော်ကျင်းပမည့် နန့်ရင်းချောင်းသဲသောင်ပြင်၌ တည်းခိုတန်းလျားများတွင် အခမဲ့တည်းခို နေထိုင်စေလျက်ရှိသည်။
ထိုသို့ တည်းခိုနေထိုင်ကြရင်း မိမိတို့သယ်ယူလာသော ရိုးရာအဝတ်အထည်များ၊ လျှပ်စစ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဒေသထွက်အစားအစာများ၊ ရိုးရာအစားအစာများအပြင် မိုးညှင်းမြို့ပေါ်မှ စျေးသည်များက ခင်းကျင်းရောင်းချကြသဖြင့် ပွဲတော်ရက်မတိုင်မီကပင် စတင်စည်ကားလျက်ရှိကြပြီး ပွဲတော်ရက်တွင်လည်းပွဲတော်သို့ လာရောက်ကြသည့် ပွဲလာဧည့်ပရိတ်သတ်များကိုလည်း စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေး ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး ညအခါတွင်လည်း ရှင်မိရှင်ဖများနှင့် ဧည့်ပရိတ်သတ်များကို ဓမ္မတရားတော်များ ဟောကြားပေးလျက်ရှိပြီး တရားတော်များကို စိတ်အေးချမ်းသာစွာဖြင့် နာယူကြလျက်ရှိကြောင်း၊ ပွဲခင်းတွင်လည်း ပွဲလာဧည့်ပရိတ်သတ် ပြည်သူများက ပျော်ရွှင်စွာဖြင့် စျေးရောင်း စျေးဝယ်ကြသူများ စည်ကားများပြားလျက်ရှိကြောင်းနှင့် အဆိုပါစုပေါင်းရှင်ပြုပွဲတော်ကို ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ် ကျင်းပလာခဲ့သည်မှာ ယခုအခါတွင် (၂၄)ကြိမ်မြောက်ထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း