ကန်ကြီးထောင့် ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နက်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ အမျိုးသားခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့က တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသား၊ ကျောင်းသူနှစ်ဦးက လက်ခံရယူခဲ့ကြသည်။ အဆိုပါ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲအား ဘာသာရပ် (၉)ခုမှ ပါမောက္ခဌာနမှူး၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိကဆရာကြီး၊ ဆရာမကြီးများမှ လာရောက်ဆွေးနွေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ အတွင်းဖြေ (၆၁၁)ဦးနှင့် ပြင်ပဖြေ (၅၉)ဦးစုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၇၀)ဦးနှင့် ဆရာ၊ ဆရာမများက တက်ရောက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့အုပ်စု၊ ကွင်းယားကြီးကျေးရွာရှိ ကွင်းအမှတ် ၁၈၆-C ၊ ဦးပိုင်အမှတ် ၉/စ ၊ တောင်သူ ဦးဆန်းဦး၏ (၁၀)ဧက နေကြာစိုက်ခင်းသို့ သွားရာက်၍ နေကြာဖြစ်ထွန်းမှုအခြေအနေများအား ကြည့်ရှုရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ လိုက်လံရှင်းလင်းပြသခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)