မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် လူငယ်စကားဝိုင်းနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မြောင်းမြ ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် လူငယ်စကားဝိုင်းနှင့် ကျပန်းစကားပြောပြိုင်ပွဲအား ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စာရေးစရာအသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် ရှေးဦးစွာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းဝေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က အနာဂတ်လူငယ်များ ဗလငါးတန်နှင့်ပြည်စုံစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများ၊ ကျပန်းစကားပြောပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေး၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ လရောင်လင်း(မြန်မာ့ဂုဏ်ရည်)နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းဝေလင်းနောင်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး “လူငယ်နဲ့ မျိုးချစ်စိတ်၊ လူငယ်နှင့်ယဥ်ကျေးမှု”စသည့်ခေါင်းစဥ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲပြိုင်ပွဲအား ပြုလုပ်ခဲ့ကြရာ ပထမနှစ်၊ ဒုတိယနှစ်ရှိ တန်းခွဲအသီးသီးမှ သင်တန်းသား/သင်တန်းသူများက မဲကျရာခေါင်းစဥ်ဖြင့် ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အောင်ဖြိုး(ပြန်/ဆက်)